ညောင်ဦး စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် စက်တင်ဘာ ၉ ရက် ည ၁၀ နာရီခွဲမှ ၁၂နာရီ ခန့်ထိ ရွာသွန်းသည့်မိုးကြောင့် ညောင်ဦးမြို့နယ်အတွင်းရှိ သစ်ပင်ကြီးများ လဲကျပြီး ကားလမ်းပိတ်ဆို့မှုများ ဖြစ်လျက်ရှိရာ အဖွဲ့ပေါင်းစုံမှ စက်တင်ဘာ ၁၀ ရက် နံနက် ၅ နာရီမှစတင်ကာ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုရားနီလမ်းဆုံတွင် ကုက္ကိုပင်ကြီးလဲကျပြီး လမ်းပိတ်ဆို့နေခြင်း၊ အမှတ်(၄) တိုက်သစ်ဘုန်းတော်ကြီး အဝင်လမ်း ဖျောက်ဆိပ်ပင်ကြီးလဲကျနေခြင်း၊ အနော်ရထာ နှစ်လမ်းသွားလမ်းမပေါ် ထနောင်းပင်လဲကျခြင်းနှင့် အမှတ်(၇) ဝက်ကြီးအင်းရပ်ရှိ ထနောင်ပင်ကြီး လဲကျခြင်းများအား နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များ၊ လုံခြုံရေး တပ်မတော်သားများ၊ ညောင်ဦး ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက ပူးပေါင်းရှင်းလင်း လျက်ရှိကြောင်း ညောင်ဦးမြို့နယ်၊ မြို့မရဲစခန်းမှူး ရဲမှူးစိုးလွင်က ပြောပြသည်။ 

ကိုထိန်၊ KPD