ရန်ကုန် စက်တင်ဘာ ၁၀
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ကဲဝဲလ်မက်ဒီကယ် ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သော လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကု ဆေးခန်းဖွင့်ပွဲကို စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက လှိုင်သာယာမြို့နယ်၊ (၈) ရပ်ကွက်၊ မကွေးလမ်း၊ အမှတ် (၁၄/၄၄)တွင် ကျင်းပသည်။
အခမ်းအနားတွင် လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုနိုင်က ဆေးခန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုရာ ဆေးခန်းတာဝန်ရှိသူများက ဆေးကုသမှု ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်း တင်ပြသည်။
ယခုဆေးခန်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံ အလုပ်သမားများအား အထွေထွေရောဂါကုသမှု (OPD Care)နှင့် သားဖွား/မီးယပ်ပြင်ပ လူနာကုသမှု (Specialist OG OPD Care) ကိုပါ ကုသပေးသွားမည်ဖြစ်ပြီး တနင်္ဂနွေ ပိတ်ရက်မှအပ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ကာ လူမှုဖူလုံရေးအကျုံးဝင်သည့် အာမခံ အလုပ်သမားများအပြင် အာမခံ အလုပ်သမားမဟုတ်သူများကိုပါ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် အလုပ်သမားဆေးရုံကြီး သုံးရုံ၊ မြို့နယ် လူမှုဖူလုံရေး ဆေးခန်း ၉၆ ခန်း၊ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိသော ဌာနကြီးဆေးခန်း ၅၈ ခန်း၊ တိုင်းရင်းဆေးကုခန်း တစ်ခန်း၊ ရွေ့လျားဆေးကုသယာဉ် သုံးစီးတို့ဖြင့် မြို့နယ် ၁၁၆ မြို့နယ်၌ လူမှုဖူလုံရေးအကျုံးဝင်သည့် အာမခံအလုပ်သမားများအား လှည့်လည်ဆေးကုသပေးလျက်ရှိသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် စက်မှုဇုန်မှ တာဝန်ရှိသူများ၊ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)


