မြစ်ကြီးနား စက်တင်ဘာ ၁၀
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းမြို့နှင့် နမ္မတီးမြို့တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၉ ရက်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မိုးကောင်းမြို့၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးအပ်ခဲ့ကြကာ မိုးကောင်းမြို့ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း၌ ကျန်းမာရေးဝန်ထမ်း၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကာ ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မိုးကောင်းမြို့ ပြည်သူ့ဆေးရုံ ဝင်းအတွင်းရှိ အောက်စီဂျင်စက်ရုံအတွင်း အောက်စီဂျင်စက်လည်ပတ်ထုတ်လုပ်နေမှုအခြေအနေ ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ ပြည်နယ်ဝန်ကြီးများက ဝန်ကြီးဌာနအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းတာဝန်များနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက မြို့နယ် အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို တင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြို့နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ အစုံ ၃၀၀၊ နှာခေါင်းစည်း Mask အခု ၁၁၂၀၀၊ လက်အိတ် ၃၀၀၀၊ ဆပ်ပြာခဲများအပါအဝင် ၅ လီတာ Oxygen Concentrator ၁၀ လုံး၊ ၁၀ လီတာ Oxygen Concentrator ၅ လုံးတို့နှင့် တောင်သူများအတွက် ပျိုးပင်များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် မွေးမြူရေး အထောက် အကူပြု ဆေးဝါးများ၊ အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်တာ ဝန်ရှိသူများနှင့် တောင်သူများက လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ရေတိုကာလအတွင်း အောင်မြင် ဖြစ်ထွန်းနိုင်သည့် နည်းစနစ်ကျ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ၏ တင်ပြချက်များအပေါ် ဝန်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် အမှတ်(၃)ခြေလျင်တပ်မဟာ၌ ပြည်နယ်ဝန်ကြီးချုပ်က တပ်မဟာမှူး ဗိုလ်မှူးချုပ် စိုးလှိုင်ထံ ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ အစုံ ၁၀၀၊ နှာခေါင်းစည်း Mask အခု ၁၁၅၀၀၊ ပိုးသတ်ဆေးရည် တစ်ပုံး၊ ခြင်ထောင် ငါးလုံး၊ ဆပ်ပြာခဲများနှင့် ၅ လီတာ Oxygen Concentrator သုံးလုံး၊ ၁၀ လီတာ Oxygen Concentrator ငါးလုံးတို့ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် မြတောင်ကျေးရွာရှိ ကွင်းအမှတ် (၆၄) တောင်သူဦးလင်းအောင်၏ လယ် ၁၀ ဧက၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဆင်းဧရီ-၃ မျိုးစပါး မိုးစပါး သိပ္ပံနည်းကျ စိုက်ခင်းအတွင်း စပါးပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုနှင့် တောင်သူများမှ သဘာဝ မြေသြဇာ ပက်ဖျန်းနေမှုနှင့် စပါးခင်းအတွင်း ပေါင်းနုတ်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး တောင်သူများအား မိုးစပါးအပြင် သီးထပ်သီးနှံများ စိုက်ပျိုးနိုင်ရေးမှာကြားကာ တောင်သူများအတွက် မျိုးစေ့များနှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် နမ္မတီးမြို့၌ မြို့တော်ခန်းမတည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေး တာဝန်ရှိသူများအား မှာကြားပြီး နှလုံးလှ လူမှုကူညီရေးအသင်း၌ အသင်းတာဝန်ရှိသူများ၊ အသင်းသား / အသင်းသူများအတွက် ထောက်ပံ့ငွေ များနှင့် ကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊မြို့ဖများ၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားကာ မြို့နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ ၁၀၀၊ နှာခေါင်းစည်း Mask ၅၆၀၀ ခု၊ လက်အိတ် ၁၀၀၀ စုံ၊ ဆေး စိမ်ခြင်ထောင် ငါးလုံး၊ ဆပ်ပြာခဲများနှင့် ၅ လီတာ Oxygen Concentrator ၅ လုံး၊ ၁၀ လီတာ Oxygen Concentrator ၃ လုံးတို့နှင့် အားကစား ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ မွေးမြူ ရေးအထောက်အကူပြုဆေးဝါးများနှင့် ထောက်ပံ့ငွေ များကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ကုသိုလ်ဖြစ်နာရေးကူညီမှုအသင်းရုံးသို့ သွားရောက်ပြီး အသင်းအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကာ နမ္မတီးမြို့ မြို့မိ၊ မြို့ဖများ တင်ပြတောင်းခံထားသည့် အေးသာယာရပ်ကွက်ရှိ သာယာရေးလမ်း အရှည် ပေ ၂၅၀၀၊ မြို့လှရပ်ကွက် စိမ်းရတနာလမ်း အရှည်ပေ ၁၈၂၀ လမ်းတို့အား ကွန်ကရစ်လမ်း ခင်းပေးနိုင်ရေး ဌာနဆိုင်ရာများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)


