လားရှိုး အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အလှူငွေကျပ်သိန်း ၂၀၀၊ ၄၀ လီတာဆံ့ အောက်ဆီဂျင် ဆလင်ဒါအိုး အလုံး ၃၀၊ Flow Meter အခု ၃၀ အားလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ပလောင်ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသအတွက် Oxygen Concentrator လေးလုံးအား လည်းကောင်း ထောက်ပံ့ပေးအပ်ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးတာသိန်းဇော်က လက်ခံရယူသည်။
ဆက်လက်၍ လူမှုရေးဝန်ကြီး ဦးအောင်မြင့်က ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွက် Oxygen Concentrator လေးလုံးအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုက လားရှိုးခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအတွက် အလှူငွေကျပ် ၁၀ သိန်း အားလည်းကောင်း၊ ရှမ်းပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံက လားရှိုးခရိုင်အတွင်းရှိ တိုက်နယ်ဆေးရုံ ၁၀ ခုအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ငွေကျပ် ၁၀ သိန်း အားလည်းကောင်း၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေက လားရှိုးမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ငွေကျပ် ၁၀ သိန်း အားလည်းကောင်း ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


