ပွင့်ဖြူ စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာ ၈ ရက် ညပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ ၁၁ ရွာရှိ အိမ် ၅၃ လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ် သုံးလုံး ပြိုလဲပျက်စီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။ 

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာတွင် အိမ် ၁၆ လုံး အမိုးလန် ပျက်စီးခြင်း၊ မင်းမြေကျေးရွာတွင် အိမ် ၁၅ လုံး အမိုးလန်ပျက်စီးခြင်း၊ ကံသာကြီးကျေးရွာတွင် အိမ် ခြောက်လုံး အမိုးလန်ပျက်စီးခြင်း၊ လယ်ကိုင်းကျေးရွာတွင် အိမ် တစ်လုံး အမိုးလန်ပျက်စီးခြင်း၊ နန်းတော်ကျွန်းကျေးရွာတွင် အိမ် နှစ်လုံး အမိုးလန် ပျက်စီးခြင်း၊ ကျောင်းတော်ရာကျေးရွာတွင် အိမ် ငါးလုံး အမိုးလန်ပျက်စီးခြင်း ၊ ပေါက်ကုန်းကျေးရွာတွင် အိမ် တစ်လုံး အမိုးလန်ပျက်စီးခြင်းနှင့် အိမ် တစ်လုံး ပြိုလဲပျက်စီးခြင်း၊  ရွာသစ်ကုန်းကျေးရွာတွင် အိမ် တစ်လုံး အမိုးလန် ပျက်စီးခြင်းနှင့် အိမ် တစ်လုံး ပြိုလဲပျက်စီးခြင်း၊ ကန်စွယ်ကျေးရွာတွင် အိမ် နှစ်လုံး အမိုးလန်ပျက်စီးခြင်း၊ ဆည်မုန်းကျေးရွာတွင် အိမ် သုံးလုံး အမိုးလန်ပျက်စီးခြင်းနှင့် အိမ် တစ်လုံး ပြိုလဲပျက်စီးခြင်း၊ သရက်တောကျေးရွာတွင် အိမ် တစ်လုံး အမိုးလန်ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ရာ စုစုပေါင်း အိမ် ၅၃ လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ် သုံးလုံး ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။ 

အဆိုပါ အိမ်များ ထိခိုက်ပျက်စီးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအလိုက် ဒေသခံပြည်သူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)