သံတွဲ စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သံတွဲမြို့နယ် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများကြောင့် ပြောင်းရွှေ့ရသော ပုရစ်၊ ရေကောက်ကျေးရွာများသို့ ဒုတိယအကြိမ် နှစ်လအတွက် ဆန်နှင့် ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း မှ လက်လုပ်လက်စား အိမ်ထောင်စုများသို့ တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးအပ်ပွဲကို စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာရှိ စီမံကိန်းရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းတို့က ထောက်ပံ့ပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပုရစ်၊ ရေကောက်ကျေးရွာများရှိ ပြည်သူများသို့ ဆန်နှင့် ရိက္ခာများကိုလည်းကောင်း ၊ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းက လက်လုပ်လက်စား အိမ်ထောင်စုများသို့ တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀ သိန်း တို့ကို ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာသူ ကျေးရွာသားများက လက်ခံရယူ ကြပြီး ကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား ဦးထွန်းထွန်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထိုသို့ပေးအပ်ရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုရစ်ကျေးရွာရှိ အိမ်ထောင်စု ၁၅၃ စု၊ လူဦးရေ ၅၀၉ ဦး၊ ရေကောက်ကျေးရွာရှိ အိမ်ထောင်စု ၃၀၈ စု၊ လူဦးရေ ၁၀၅၄ ဦးတို့အတွက် တစ်ဦးလျှင် ဆန်နှစ်ဘူးနှုန်းဖြင့် နှစ်လစာ ၉၇၉ အိတ်၊ အိမ်ထောင်စု တစ်စုအတွက် တစ်လလျှင် ပဲနှစ်ပိဿာနှုန်းဖြင့် နှစ်လစာ ၁၈၄၄ ပိဿာ၊ ဆီတစ်လလျှင် နှစ်ပိဿာနှုန်းဖြင့် နှစ်လစာ ၁၈၄၄ ပိဿာ၊ ဆား တစ်လလျှင် တစ်ပိဿာနှုန်းဖြင့် နှစ်လစာ ၉၂၂ ပိဿာနှင့် သူဌေးချောင်းရေအားစီမံကိန်းမှ လက်လုပ်လက်စား အိမ်ထောင်စုများဖြစ်သည့် ရေကောက်ကျေးရွာမှ အိမ်ထောင်စု ၂၅၀၊ ပုရစ်ကျေးရွာရှိ အိမ်ထောင်စု ၁၁၆ စု စုစုပေါင်း အိမ်ထောင်စု ၃၆၆ စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀ သိန်းဖြင့် သိန်း၃၆၆၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


