ကျောက်ပန်းတောင်း စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသော ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲ အောင်ပွဲကြီးအား ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များ ဖြေလျှော့မှုမရှိသေးသဖြင့် ကျင်းပမည်မဟုတ်ကြောင်း တောင်ကလပ် ဂေါပကအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။
မြန်မာပြည်အလယ်ပိုင်းဒေသရှိ ပုပ္ပားတောင်ကလပ်တွင် ဘိုးတော်အောင်မင်းခေါင် ထွက်ပွဲ/အောင်ပွဲကို မြန်မာပြည် အရပ်ရပ်မှ ယုံကြည်ကိုးကွယ် ဆည်းကပ်သူများဖြင့် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ ယခုနှစ် စက်တင်ဘာ ၂၂ ရက် (တော်သလင်းလပြည့်ကျော် ၂ ရက်)၌ (၆၉)ကြိမ်မြောက်အဖြစ် ကျင်းပမည့်ပွဲတော်ကိုလည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ ဖြေလျှော့နိုင်ခြင်း မရှိသေးသဖြင့် ကျင်းပရန်မရှိကြောင်း သိရသည်။
“ဒီနှစ်နဲ့ဆိုရင်တော့ နှစ်နှစ်ရှိပြီပေါ့ဗျာ၊ ဘိုးတော်ကို ယုံကြည်ကိုးကွယ်သူတွေကတော့ ဘာဖြစ်ဖြစ် လာချင်ကြမှာပါပဲ၊ ကိုယ့်အဓိဋ္ဌာန်နဲ့ကိုယ် ဆိုတော့လေ၊ လက်လုပ်လက်စား အထမ်းသမားတွေ ဈေးသည်တွေ ကတော့ နစ်နာကြတာပေါ့” ဟု တောင်ကလပ်ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဌေးမြင့် (သာသနာ့ရကိ္ခတ) က ပြောပြသည်။
နေအောင်(ပြန်/ဆက်)


