ညောင်ဦး စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများသည် နွားစာမြက် ရှားပါးခြင်းကို ဖြေရှင်းနိုင်ရန် နေပီယာမြက် စမ်းသပ်စိုက်ပျိုးခဲ့ကြရာ နေပီယာမြက်များ အောင်မြင်ဖြစ်ထွန်း နေခြင်းကြောင့် ထပ်မံစိုက်ပျိုးသည့် တောင်သူများ များပြားလာကြောင်း သူကောင်းတည်ကျေးရွာမှ တောင်သူ ဦးမောင်ဆန်း၏ ပြောပြချက်အရ သိရသည်။
ညောင်ဦးမြို့နယ်တွင် ကျေးလက်တောင်သူများ နှစ်စဉ်နှစ်တိုင်း နွားစာမြက် ရှားပါးခြင်းကြောင့် ဒေသတွင်း ပေါက်ရောက်သည့် ညောင်ပင်၊ ရှားပင်၊ ကုက္ကိုပင်၊ ပင်ခန်းပင်၊ ဖက်ဝန်းပင်များမှ သစ်ရွက်များခူးကာ ပြောင်းရိုးခြောက်စဉ်း အနည်းငယ်နှင့် ရောကျွေးနေရပြီး မြေပဲရိုး(မှော်)၊ ပဲစင်းငုံ(မှော်) တို့ဖြင့်လည်း ရောကျွေးခဲ့ရကြောင်း၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသ မမှန်ကန်သည့် နှစ်များတွင် နွားစာမြက် အလွန်ရှားပါးခြင်းကြောင့် နေပီယာမြက်များ စမ်းသပ်စိုက်ပျိုးခဲ့ရာ နေပီယာမြက်တစ်ငုတ် (တစ်ထွာခန့်) စိုက်လျှင် အပင်ပွား ၁၅ တက်မှ ၃၈ တက်ထိ အပင်ပွားကာ အပင်လုံးပတ် နှစ်လက်မခန့်ထိရှိပြီး အမြင့် ၁၃ ပေကျော် ထိရှိကြောင်း နတ်ကြို့အိုင်ကျေးရွာမှ ဦးခင်မောင်စိုးက ရှင်းပြသည်။
နေပီယာမြက်စိုက်ခင်း ၀ ဒသမ ၅ ဧက စိုက်ပျိုးထားလျှင် ခိုင်းနွားနှစ် ကောင်နှင့် နွားငယ်နှစ်ကောင်စာ လုံလောက်ကြောင်း၊ နွားစာအတွက် ရိတ်ပြီးချိန် တစ်ပတ်ခန့်အကြာ ရိတ်ပြီးသားမြက်ငုတ်များမှ ပြန်လည်ထွက်လာပြီး နောက်တစ်ပတ်ခန့်ကြာပါက ပြန်လည်ရိတ်ကျွေး၍ ရခြင်းများကြောင့် နွားစာမြက် ရှားပါးသည့် အရပ်ဒေသများတွင် နေပီယာမြက်စိုက်ပျိုးသင့်ကြောင်း ၊ နေပီယာမြက်မျိုးအား ကျောက်ပန်းတောင်းမြို့နယ် ရွှေနဒီကျောင်းတိုက်မှ အခမဲ့ဖြန့်ချိပေးနေသလို ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာ ဆင်စခန်းမှလည်း နေပီယာမြက်မျိုးများ အခမဲဖြန့်ချိပေးနေကြောင်းသိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


