ညောင်ဦး စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကိုဗစ် - ၁၉ ကာလ ခရီးသွား ဧည့်သည် ဝင်ရောက်မှု နည်းပါးသည့်အတွက် မြင်းလှည်းလုပ်ငန်း လုပ်ကိုင်ကြသူများ စားဝတ်နေရေး အခက်အခဲ မဖြစ်စေရန် စက်တင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအဖွဲ့က အိမ်ထောင်စု ၃၀ အား ဆန်နှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထောက်ပံ့လှူဒါန်းရာတွင် အလှူရှင် ဝေမျှခြင်းပရဟိတအဖွဲ့ ကိုယ်စား ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာမှ ဦးဝင်းမင်းထွန်းနှင့် ပရဟိတအဖွဲ့ဝင်များက သဗ္ဗညုဘုရားတွင် မြင်းလှည်းလုပ်ငန်း လုပ်ကိုင်ကြသော အိမ်ထောင်စု ၃၀ အား အိမ်ထောင်စုတစ်စုလျှင် ဆန်နှစ်ပြည်နှင့် ကြက်ဥ ၁၀ လုံးစီ ထောက်ပံ့လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ပုဂံမြို့သစ်ရှိ ဝင်ငွေနည်း အိမ်ထောင်စု ၂၄ စုကိုလည်း အိမ်ထောင်စု တစ်စုလျှင် ဆန် နှစ်ပြည်နှင့် ကြက်ဥ ၁၀ လုံးစီ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


