ညောင်ဦး စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများ ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၁၂ရက်အထိ ၁၅၆၅ ဦး ကာကွယ်ဆေးထိုးနှံပေးပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဦးဝင်းအောင် (ဒုတိယညွှန်ကြားရေးမှူး) ပုဂံရုံးခွဲထံမှ သိရသည်။
ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် စက်တင်ဘာ ၁၂ရက်ထိ ၁၅၆၅ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ရာ ဟိုတယ်/တည်းခိုးရိပ်သာများမှဝန်ထမ်း ၁၅၆၅ဦး၊ ခရီးသွားသယ်ယူပို့ဆောင်ရေးအသင်းမှ ၉ဦး၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ၄၇ဦး၊ ဧည့်လမ်းညွှန်အသင်းမှ ၁၅ဦး၊ ခရီးသွားကုမ္ပဏီ ၅ ခုမှ ၁၅၃ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကာ ကျန်ရှိနေသော ဟိုတယ်ဝန်ထမ်းများကိုလည်း ဆက်လက်ထိုးနှံပေးနိုင်ရေးဆောင်ရွက်နေကြောင်း ညောင်ဦးမြို့နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ လက်ထာက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်က ပြောပြသည်။
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲလက်အောက်ရှိဟိုတယ်/တည်းခို ရိပ်သာများနှင့် ခရီးသွားကဏ္ဍများတွင် ဝန်ဆောင်မှုပေးလျက်ရှိသော ညောင်ဦးမြို့နယ် ပုဂံမြို့၊ ညောင်ဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ဟိုတယ်/တည်းခိုရိပ်သာဝန်ထမ်းများ၊ ခရီးသွားသယ်ယူပို့ဆောင်ရေးအသင်းမှ အသင်းသား၊ အသင်းသူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင် များမှအသင်းသား၊ အသင်းသူများ၊ ဧည့်လမ်းညွှန်အသင်းမှအသင်းသား၊ အသင်းသူများ၊ ခရီးသွားကုမ္ပဏီ ၅ ခုမှအသင်းသား၊ အသင်းသူများအား ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်ထိ ထိုးနှံပေးပြီး ဖြစ်ကာ ၁၅၆၅ ဦးလုံး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်ထိုး နှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသသို့ လာရောက် လည်ပတ်မည့် ခရီးသွားပြည်သူများ၊ ပြည်ပဧည့်သည်များအား ဘေးကင်းလုံခြုံသော ခရီးသွား ကဏ္ဍအဖြစ် ဖော်ဆောင်ပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသတ်မှတ် စည်းကမ်းချက်များနှင့်အညီထိုးနှံပြီးကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာသို့ ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံ အုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊(ပုဂံရုံးခွဲ)မှ ဦးဝင်းအောင်(ဒုတိယညွှန်ကြားရေးမှူး)၊ ဦးမျိုးမင်းအောင်(လက်ထောက်ညွှန်ကြားရေးမှူး)တို့၏ ပေါင်းစပ်စီစဉ်မှု၊ ကျန်းမာရေးဝန်ထမ်းများ၏ ကူညီအားဖြည့်မှုနှင့် ညောင်ဦးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရကာ ညောင်ဦးမြို့ Royal Palace ဟိုတယ်၊ BOB Balloon အဖွဲ့နှင့် သံတဲဟိုတယ်တို့မှ ထမင်း၊ ဟင်း များဖြင့် ဒါနပြုကျွေးမွေးခဲ့ကြောင်း သိရသည်။
ကိုထိန် (KPD)


