လားရှိုး စက်တင်ဘာ ၁၂

ရှမ်းပြည်နယ် မြောက်ပိုင်းမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နယ်စပ်အထိ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကွမ်းလုံတံတားတည်ဆောက်ရေး စီမံကိန်း အား ဆောင်ရွက်လျက်ရှိရာ ယခုအခါတံတားတည်ဆောက်မှု (၂၅) ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်၊ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်း(မိုင် ၄၉/၆) ပေါ်၌ တည်ဆောက်နေသော အဆိုပါ ကွမ်းလုံတံတားသစ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရမှ ယွမ်ငွေ သန်းပေါင်း (၁၃၇ ဒသမ ၀၀) အကုန်ကျခံကာ ထောက်ပံ့လှူဒါန်း တည်ဆောက်ပေးခြင်းဖြစ်ပြီး ၁၉၆၄ ခုနှစ်တွင် တရုတ်ပညာရှင်များ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ သော ယခင်မူလ ကြိုးတံတားဟောင်းမှာ နှစ်ပေါင်း ၅၀ ကျော်သက်တမ်းကြာမြင့်လာပြီဖြစ်ရာ တံတားခံနိုင်ဝန်အား လျော့နည်းလာပြီး ယာဉ်တစ်စီးချင်း ၂၅ တန်သာ ခွင့်ပြုနိုင်တော့သဖြင့် ကုန်တင်ယာဉ်ကြီးများ ပိတ်ဆို့မှုများဖြစ်ပေါ်လာ၍ ကုန်စည်စီးဆင်းမှုများနှောင့်နှေးလာသောကြောင့် ယာဉ်များဖြတ်သန်းမောင်းနှင်မှု အဆင်ပြေစေရန်အတွက် အဆိုပါကြိုးတံတားဟောင်းနှင့် တစ်မိုင်အကွာ၌ ကွမ်းလုံတံတားအသစ်အား တည်ဆောက်နေခြင်းဖြစ်ကြောင်း စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှကြီးကြပ်ဆောင်ရွက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Yunnan Sunny Road & Bridge ကုမ္ပဏီလီမိတက်မှ ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ကာယ ဉာဏ လုပ်သားတို့ဖြင့် တည်ဆောက်နေသော ကွမ်းလုံ တံတားသစ်၏အရှည်မှာစုစုပေါင်း (၂၈၆) မီတာနှင့်တံတားအကျယ် (၁၂)မီတာရှိပြီး ကြိုတင်အားဖြည့်ကွန်ကရစ် Box Girder အမျိုးအစားဖြစ်ကာ ကွမ်းလုံဘက်ကမ်းရှိ ချဉ်းကပ်လမ်းအရှည်မှာ (၃ ဒသမ ၅၄ ကီလိုမီတာ)ရှိ၍ သိန္နီဘက်ကမ်း ရှိ ချဉ်းကပ်လမ်းအရှည်မှာ (၄၃၅)မီတာ ရှိကြောင်း၊ တံတားခန်းဖွင့်အနေဖြင့် (၇)မီတာ(၁)ခန်း၊ (၆၄)မီတာ (၁)ခန်း၊ (၁၂၀)မီတာ (၁)ခန်း၊ (၆၄)မီတာ (၁)ခန်း၊ (၂၈)မီတာ (၁)ခန်းနှင့် (၃)မီတာ (၁)ခန်းတို့ဖြင့် ပါဝင်ဖွဲ့စည်းတည်ဆောက်ထားပြီး တံတားခံနိုင်ဝန်မှာ(၇၅)တန် ဖြစ်ကြောင်း၊ ယခုအခါ ကုန်းပေါ်ရှိ တံတားတိုင်လုပ်ငန်းများနှင့်ချဉ်းကပ်လမ်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး မိုးတွင်းကာလ ကုန်ဆုံး၍ ရေကျဆင်းမည့် ဇန်နဝါရီလပိုင်း၌ ကျန်ရှိ ရေလယ်တိုင် ၂ တိုင်၊ ဘိုးပိုင်တူးဖော် ခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

''ချင်းရွှေဟော်နယ်စပ်ဂိတ်ဟာ နယ်စပ်ထွက်ပေါက်ဂိတ်ဆိုတော့ တရုတ်ပြည်ဘက်က၀င်တဲ့ ယာဉ်တွေဟာဆိုရင် တစ်နေ့တစ်နေ့ကို ယာဉ်အစီးရေ ၂၀၀၀ လောက် ချင်းရွှေဟော်နယ်စပ်ဂိတ်ကတဆင့် ဖြတ်သန်းမောင်းနှင်ကြတဲ့အတွက် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားပြီး ကွမ်းလုံမြို့ထဲမှာဆိုရင် ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း ယာဉ်ပိတ်ဆို့မှုတွေဖြစ်တော့ ကုန်စည်စီးဆင်းမှုကို နှောင့်နှေးစေတာပေါ့၊ ပြီးတော့ကုန်သွယ်မှုအဓိကထွက်ပေါက်ဖြစ်တဲ့ မူဆယ်နယ်စပ်ဂိတ်ပြီးရင် ဒုတိယ ကုန်သွယ်မှုများပြားတာက ချင်းရွှေဟော်နယ်စပ်ဂိတ်ဖြစ်တာဆိုတော့ ကွမ်းလုံ ကြိုးတံတားဟောင်းကြီး ကလည်း နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်သွားပြီဖြစ်တဲ့အတွက် တရုတ်ပြည်ကနေပြီးတော့ ကြိုးတံတားဟောင်း အောက်ဖက်(Down Stream) နားမှာ တံတားသစ်တစ်စင်းတည်ဆောက်ထောက်ပံ့လှူဒါန်းချင်တယ်ဆိုပြီး နှစ်နိုင်ငံသဘောတူညီချက်နဲ့ တည်ဆောက်နေခြင်းပဲဖြစ်ပါတယ်၊ တံတားသစ်တည်ဆောက်ပြီးစီးသွားပြီဆိုရင်တော့ အကန့်အသတ်မရှိတော့ဘဲ မြန်မာပြည်ကို အဓိကဖြတ်ပေါက်အနေနဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေတဆင့် ကုန်သွယ်ရေးလမ်းကြောင်းကြီး ပွင့်သွားတော့မှာဖြစ်ပါတယ်''ဟု ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) က ရှင်းပြသည်။

ကွမ်းလုံတံတားသစ်တည်ဆောက်ပြီးစီးပြီဆိုပါက လားရှိုး-သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းသည် တရုတ်-မြန်မာနှစ်နိုင်ငံအတွက် ကုန်သွယ်မှုအဓိက ထွက်ပေါက် ဖြစ်လာမည် ဖြစ်ရာ မြန်မာနိုင်ငံဘက်ခြမ်းမှ ကြံ၊ ပဲ၊ ပြောင်းနှင့်နှမ်းအပါအဝင် အခြား လယ်ယာထွက်ကုန် ပစ္စည်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ဘက်ခြမ်းသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်၍ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သောကြောင့်  တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှု ပမာဏ ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း၊ တံတားသစ်တည်ဆောက်ရေး စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်၌ ခန့်မှန်းတည်ဆောက်ပြီးစီးရန် လျာထားကြောင်း ဆောက်လုပ်ရေး၀န်ကြီးဌာနမှ သိရသည်။ 

သတင်း(ပွင့်သစ္စာ)
ဓာတ်ပုံ(စိုးမြင့်အောင်)