သီပေါ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာတွင် ဖြူစင်နှလုံးသား လူမှုကူညီရေးအသင်း(နမ့်လန်)နှင့် စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းသည့် အခြေခံစားသောက်ကုန် ပစ္စည်း(၈)မျိုးကို ကိုဗစ်-၁၉ ကာလ အခက်အခဲရှိသော ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်က  ရပ်ကွက်၊ ကျေးရွာများအရောက် အဆိုပါအသင်းမှ သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်၍ တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆား၊ မြေပဲ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ခရမ်းချဉ်သီး၊ ခေါက်ဆွဲခြောက်စသည့် အခြေခံစားသောက်ကုန်(၈)မျိုးကို ရပ်ကွက်၊ ကျေးရွာများအလိုက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


နမ့်လန်ကျေးရွာအုပ်စုအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အခက်အခဲရှိသော အိမ်ထောင်စုများအား လှူဒါန်းရာ စက်တင်ဘာ ၁၀ ရက်တွင် အိမ်ထောင်စုပေါင်း(၅၄၃) စုနှင့် စက်တင်ဘာ (၁၁)ရက်တွင် အိမ်ထောင်စုပေါင်း (၃၅၉)စု၊ စုစုပေါင်းအိမ်ထောင်စု (၉၀၂)စု ခန့်ကို လှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင်လည်း ကျန်ရှိနေသောရပ်ကွက်၊ ကျေးရွာများရှိ အခက်အခဲရှိသော အိမ်ထောင်စုများအား  ဆက်လက်လှူဒါန်းပေးလျက်ရှိကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခင်လေး(ပြန်/ဆက်)