နေပြည်တော်၊ စက်တင်ဘာ ၁၂
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သပြေကုန်းဈေးရှိ ကုန်စိမ်း၊ ကုန်ခြောက်၊ သားငါးဆိုင်ခန်းများတွင် ရောင်းချလျက်ရှိသည့် ဈေးရောင်းချသူများ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ စနစ်တကျ ခင်းကျင်းရောင်းချနေမှု အခြေအနေများနှင့် ဈေးဝယ်လာရောက်သူများ Mask တပ်ဆင်၍ သတ်မှတ်ဝင်ပေါက်နေရာများမှ စနစ်တကျ ဝင်ရောက်ဈေးဝယ်ယူခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများကို နှာခေါင်းစည်း (Mask) များ လိုက်လံပေးဝေသည်။
ဆက်လက်၍ သပြေကုန်းဈေး RC ဈေးရုံဝင်းအတွင်း ဆောင်ရွက်လျက်ရှိသော နိမ့်ကျပျက်စီးနေသည့် ကွန်ကရစ်ကြမ်းခင်းများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း၊ သပြေကုန်းဈေးပတ်လည်နှင့် ပျံကျဈေးပတ်လည် ပျက်စီးနေသည့် ရေနုတ်မြောင်းအဖုံးများ လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)


