မြင်းခြံ စက်တင်ဘာ ၁၂
မြင်းခြံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသတွင်းငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးချဲ့လုပ်ကိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ ဒေသအတွင်း ငါးရိက္ခာများပိုမိုစားသုံး နိုင်စေရးတို့အတွက် မြင်းခြံမြို့နယ် ထနောင်းကုန်းရွာရှိ ဒေါင်းအင်းရှင်ဒေါင်းမအင်းတွင် အခြေခံ ငါးမွေးမြူရေးနှင့် ဆေးထိုးသားဖေါက်သင်တန်းအား စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်နေ့အထိ ဖွင့်လှစ် ပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းတင်မှ ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်နေသည့် ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ၊ ငါးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူ ဒေါ်စပယ်လှိုင်မှ ငါးမွေးမြူရေးနှင့်ပတ်သက်သည့် အခြေခံ အချက်အလက်များနှင့် ပတ်သက်၍ လည်းကောင်း၊ လက်ထောက်ဦးစီးမှူး ဒေါ်တည်ငြိမ်အေးမှ တားမြစ်ထား သည့် ငါးဖမ်းကိရိယာများအကြောင်း၊ သဘာဝသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများရောင်းဝယ်ခြင်း၊ သားဖေါက်မွေးမြူခြင်း၊ သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ရန်တားမြစ်ထားခြင်း စသည့်ကို ဟောပြောပို့ချခဲ့ပြီး ရေလုပ်သားများမှလည်း သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့သည်၊ သင်တန်းသို့ ရေလုပ်သား (၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


