ပဲခူး စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ စီးပွားရေးရာ ဝန်ကြီးနှင့် တိုင်းဒေသကြီးစည်ပင်သာယာအဖွဲ့ ညွှန်ကြားရေးမှူးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ပဲခူးမြို့အား တိုင်းမြို့အင်္ဂါရပ်များနှင့်အညီဖြစ်ရန် မြို့အတွင်းရှိ လမ်းများအားလုံး ကတ္တရာ/ကွန်ကရစ်လမ်းများအဖြစ် ဖြစ်ပေါ်လာစေရေးအတွက် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးမြို့တွင် မြို့ပေါ်ရပ်ကွက်(၃၁) ရပ်ကွက်ရှိရာ ကတ္တရာ/ကွန်ကရစ်လမ်းအဖြစ် ခင်းထားခြင်း မရှိသေးသော မြေသာလမ်း/ဂဝံလမ်း/ကျောက်ချောလမ်းများအား ကတ္တရာလမ်း/ကွန်ကရစ်လမ်းအဖြစ် ဦးစားပေးအဆင့်အတိုင်း ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးမြို့ပေါ်တွင် ယခင်က လမ်းမိုင်ပေါင်း(၂၀၄)မိုင်(၄.၇၇)ဖာလုံခန့်ရှိရာ နိုင်လွန်ကတ္တရာလမ်းအဖြစ် (၄)မိုင် (၀.၁၉)ဖာလုံ၊ ကွန်ကရစ်လမ်းအဖြစ် (၇၂)မိုင်(၇.၄၈)ဖာလုံ၊ ကတ္တရာလမ်းအဖြစ် (၃၆)မိုင်(၇.၅၆) ဖာလုံ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးဖြစ်သည်။
ယခုအခါတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၃၄၇၇.၀၉၃၇)ဖြင့် နိုင်လွန် ကတ္တရာလမ်း(၁)မိုင်(၀.၈၁)ဖာလုံ၊ ကွန်ကရစ်လမ်း(၁၅)မိုင်(၆.၅၉)ဖာလုံ၊ ကတ္တရာ လမ်း(၅)မိုင်(၁.၄)ဖာလုံ၊ စုစုပေါင်းလမ်းမိုင်(၂၂)မိုင်(၀.၈၀)ဖာလုံအား ပဲခူးမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ လမ်းအဆင့်မြှင့်တင်ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍လည်း လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် ကျန်ရှိနေသည့် မြေသားလမ်းနှင့် ဂဝံလမ်း (၇၈)မိုင်(၄.၄၆)ဖာလုံအား ဦးစားပေးအဆင့်အတိုင်း ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


