ပွင့်ဖြူ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့က တစ်ရက်လျှင် ၄၀ လီတာအိုး အလုံးရေ ၁၂၀ ထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက် လျက်ရှိရာ အဆိုပါ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးလုပ်ငန်းအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသော မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းကို စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမ ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က ကိုဗစ် - ၁၉ ကာလ မြို့နယ်အတွင်းရှိ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက် အခက်အခဲ မဖြစ်စေရေးအတွက် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံအတွက် ယခုကဲ့သို့ ရပ်ကွက်/ကျေးရွာအုပ်စုများမှ တာဝန်သိ ပြည်သူများက အလှူငွေများ စုပေါင်းထည့်ဝင်လှူဒါန်းပေးမှုအတွက် မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် အလှူငွေများ ထည့်ဝင်လှူဒါန်းပေးသည့် ရပ်ကွက်/ကျေးရွာအုပ်စုများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်စု(၃၄)အုပ်စုမှ အုပ်ချုပ်ရေးမှူးများက အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် အလှူငွေကျပ် ၁၉၁၁၄၂၅၀ အား ပေးအပ်လှူဒါန်းရာ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးအောင်မြတ်ခိုင်က လက်ခံရယူခဲ့ပြီး အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် အကောင်အထည်ဖော် တည်ဆောက်နေသည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း ၊ ယင်း အောက်ဆီဂျင် စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်တန်ဖိုးအနေဖြင့် ငွေကျပ်သိန်း ၉၀၀ ကျော် ရှိကြောင်း ၊ လိုအပ်သော စက်ရုံတည်ဆောက်ခြင်းနှင့် အခြားစပ်ဆက်လုပ်ငန်းများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းနှင့် မြို့မိ မြို့ဖများ ပူးပေါင်း၍ အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်းအတွက် ခန့်မှန်း ကုန်ကျငွေကျပ် သိန်း ၇၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အောက်ဆီဂျင် စက်ရုံတည်ဆောက် နေမှုလုပ်ငန်းမှာ ၈၅ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး အဖွဲ့မှ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးအောင်မျိုးဆက်ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


