ပွင့်ဖြူ စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ (ဧပြီ ၊ မေ ၊ ဇွန်)လအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၃ ရက်  နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို နိုင်ငံတော်မှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေး အတွက် ရည်ရွယ်ပြီး (၃)လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ (ဧပြီ ၊ မေ ၊ ဇွန်)လ အတွက် တစ်လလျှင် ထောက်ပံ့ငွေကျပ် တစ်သောင်းနှုန်းဖြင့် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွား (၁၀၄၇)ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၃၁၄၁၀၀၀၀ အား အဘိုးအဘွားများထံ ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးအောင်မြတ်ခိုင် ထံက သိရသည်။  

အဆိုပါ ထောက်ပံ့ငွေများကို ယနေ့မွန်းလွဲပိုင်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး ဝန်ထမ်းများက အဘိုးအဘွားများနေအိမ်များသို့ သွားရောက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )