ကန့်ဘလူ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မိုးသီးနှံအဖြစ် စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး မြေပဲအထွက်နှုန်းကောင်းနိုင်ကာ အကျိုးအမြတ်များနိုင်ကြောင်းနှင့် ယခုအခါစတင်နုတ် သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

မိုးမြေပဲ စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုး(ဒေသမျိုး)တစ်တင်းခွဲစိုက်ပျိုးရပြီး စိုက်ပျိုးစရိတ်၊ အလုပ်သမားခများ၊ မြေဩဇာနှင့်ပိုးသတ်ဆေးဖိုးများ အပါအဝင် စုစုပေါင်း ငွေကျပ် ၁၈၀၀၀၀ ခန့်ကုန်ကျ ကြောင်း၊ ကဆုန်လက စတင်စိုက်ပျိုးခဲ့ပြီး ယခု တော်သလင်းလတွင် စတင်နုတ်သိမ်းနေပြီဖြစ်ကာ တစ်ဧကလျှင် မြေပဲ တင်း ၃၀ မှ ၄၀ ခန့်အထိ ထွက်ရှိနိုင်ကြောင်း၊ ယခုနှစ်တွင် မြေပဲဆန်တစ်တင်းလျှင် ကျပ် ၅၁၂၀၀ ခန့်စျေး ရှိနေ၍ တောင်သူများ အကျိုးအမြတ်များနိုင်ကြောင်း မြေပဲစိုက်ပျိုးသူတောင်သူများထံမှသိရသည်။

"ကျွန်တော်ကတော့ မကွေး-၁၆ မျိုးမြေပဲကို နှစ်ဧကစိုက်ပျိုးခဲ့ပါတယ်။ တစ်ဧကကို မျိုးတစ်တင်း စိုက်ပျိုးပြီး မျိုးစရိတ်၊အလုပ်သမားခ၊ ထွန်ရက်ခ၊ မြေဩဇာ၊ ပိုးသတ်ဆေးဖိုးများ အပါအဝင် လေးသိန်းခန့် ကုန်ကျခဲ့ပါတယ်။ အခုနုတ်သိမ်းခဲ့ရာမှာ တစ်ဧက တင်း ၅၀ ကျော်ထွက်ပါတယ်။ ဒီမျိုးမြေပဲက အထွက်နှုန်း ကောင်းပြီး အတောင့်လည်းလှတယ်။ ရာသီဥတုဒဏ်လဲခံနိုင်တယ်။ မျိုးအဖြစ် ပြန်လည်စိုက်ပျိုးဖို့ မှာယူသူ များတဲ့အတွက် ငါးနေလောက်လှန်းပြီး တစ်တင်းကို ကျပ် ၁၈၀၀၀ နဲ့ရောင်းချပေးသွားမှာပါ " ဟု လိတ္ထူကျေး ရွာမှ တောင်သူဦးသိန်းလှိုင်က ပြောပြသည်။

ကန့်ဘလူမြို့နယ်အတွင်း  ရွက်ကြမ်း၊ပိုးဇာကုန်း၊ မှန်သာ၊ အင်းလယ်ကြီး၊ ဂါးထာ၊ ဆည်ကြီး၊ ကာဘိုး၊ အောင်ချမ်းသာ၊ ယင်းတိုက်၊ လိတ္ထူ၊ ကိုင်းတော၊ အင်ကြင်းစု၊ အလယ်ခုံ၊ မယ်ဇတော၊ မလယ်၊ ကျေးတောစသည့် ကျေးရွာများတွင် မိုးသီးနှံအဖြစ် မြေပဲကို အဓိက စိုက်ပျိုးခဲ့ကြပြီး ကျန်ကျေးရွာများတွင် လည်း  အများအပြားစိုက်ပျိုးခဲ့ကြကြောင်း၊ ကန့်ဘလူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံမြေပဲကို ၅၁၅၀၉ ဧက စိုက်  ပျိုးရန် လျာထားခဲ့ရာ လျာထားဧကပြည့်မီစွာစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ယခင်နှစ်ကာလတူမှ စိုက်ပျိုးဧကထက် ၁၂၉၈ ဧက  ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ် ပတ်ဝန်းကျင်သည် မိုးကောင်းသောက်လယ်ယာမြေများဖြစ်ပြီး စပါးနှင့်ယာသီးနှံ ဖြစ်သည့် နှမ်း၊ပြောင်း၊ပဲစင်းငုံ၊ပဲအမျိုးမျိုးကို အဓိကထား စိုက်ပျိုးကြကာ မိုးမြေပဲ ဆောင်းမြေပဲများကိုလည်း ရာသီအလိုက်စိုက်ပျိုးကြသည်။မြန်မာနိုင်ငံတွင် မြေပဲသီးနှံသည် ဆီထွက်သီးနှံများအနက် စိုက်ပျိုးဧရိယာ ဒုတိယအများဆုံးဖြစ်ကြောင်းနှင့် မြေအမျိုးအစားအနေဖြင့် မြေပဲပင်သည် ရေဝပ်မှုကိုကြာရှည်မခံနိုင်ခြင်း ကြောင့် ရေသွင်းရေထုတ်လွယ်ကူသော နုန်းမြေ၊ မြေနီသဲဝန်း၊ သဲနုန်းမြေ၊ နုန်းစနယ်မြေများမှာ စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)