ဂန့်ဂေါ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်စီဂျင်အရေးပေါ် လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဂန့်ဂေါမြို့ ရွှေပြည်ဆိပ်ဦးဘုရားအနီး သာသနာ့ ဗိမာန်ဝင်းအတွင်း၌ တည်ဆောက်ထားသော အောက်စီဂျင်စက်ရုံအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းထားသော အောက်စီဂျင်ထုတ်စက်(Oxygen Plant)သည် စတင်လည်ပတ်မောင်းနှင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အောက်စီဂျင်စက်မှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းထားသည့် NZO-30 Nm3 အမျိုးအစားဖြစ်ကြောင်း၊ ၁ နာရီကို အောက်စီဂျင် ၄၀ လီတာ ၅ လုံးထွက်ရှိပြီး ရာသီဥတု မကောင်းလျှင် ၄ လုံးမှ ၅ လုံးကြားထွက်ရှိကြောင်း၊ အောက်စီဂျင်စက်တပ်ဆင်ခြင်းနှင့် စမ်းသပ်မောင်းနှင်ခြင်းတို့ကို မကွေးမြို့ SKY HOME ကုမ္ပဏီက ကျွမ်းကျင်ပညာရှင်များ လာရောက်၍ စနစ်တကျ တပ်ဆင်ကြကြောင်းနှင့် စက်တင်ဘာ ၁၃ ရက်က စမ်းသပ်မောင်းနှင် လည်ပတ်ရာ အောက်စီဂျင် ၄၀ လီတာ အလုံး ၃၀ ဖြည့်တင်းဆောင်ရွက်နိုင်ခဲ့တယ်လို့ အောက်စီဂျင် စက်ရုံဆောက်လုပ်ရေးကော်မတီ အတွင်းရေးမှူး၏ ပြောပြချက်အရ သိရသည်။
မြို့မိ၊ မြို့ဖ၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့်စက်မှာလည်း ၂၄ နာရီတွင် အောက်စီဂျင် ၄၀ လီတာ ၈၀ လုံးခန့်ထွက်ရှိမည်ဖြစ်ပြီး အဆိုပါစက်မှာ စက်တင်ဘာ တတိယပတ်တွင်ရောက်ရှိမည် ဖြစ်ကြောင်းနှင့် ထိုစက်လည်ပတ်နိုင်ပါက ဂန့်ဂေါမြို့နယ်အတွက်သာမက ထီးလင်း၊ ဆော၊ ကျောက်ထု မြို့နယ်အတွင်းရှိ ပြည်သူများ၏ အောက်စီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)


