ရေကြည် စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် အောင်ဆန်းရပ်ကွက်နှင့် သင်္ယန်းဒေါင့် ကျေးရွာအုပ်စုအတွင်းရှိ အသက် ၈၅  နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို  ယမန်နေ့နံနက် ၁၁ နာရီက  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ရာတွင် ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးသန်းဝင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးသောင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးများလိုက်ပါလျက်  အသက်  ၈၅  နှစ်နှင့်အထက်  သက်ကြီး ဘိုးဘွားများ  နေအိမ်သို့သွားရောက်ပြီး ဘိုးဘွားတစ်ဦးလျှင်  ၃၀၀၀၀  ကျပ်နှုန်းနှင့် ဘိုးဘွားများ၏ လက်ဝယ်အရောက်  လူမှုရေးပင်စင်ထောက်ပံ့ပေးသည်။

ရေကြည်မြို့နယ်တွင်  မြို့ပေါ် (၁၆)ရပ်ကွက်  ကျေးရွာအုပ်စု  (၈၇)စုစုပေါင်း ကျေးရွာအုပ်စု (၁၀၃)အုပ်စုတွင်  အသက်  ၈၅  နှစ်နှင့်အထက်  သက်ကြီးဘိုးဘွား  (၁၄၈၃)ဦးရှိပြီး  တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် ငွေပမာဏ  သိန်းလေးရာ့လေးဆယ့်လေးသိန်းကိုးသောင်းတိတိကို ထောက်ပံ့ပေးအပ်ခဲ့သည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများကို ရေကြည်မြို့နယ်အတွင်းရှိ  ဝေးလံသောရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ဘိုးဘွားများအတွက် ထောက်ပံ့ငွေများကို ရေကြည်မြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ရုံးဝန်းအတွင်းရှိ ခန်းမတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆန်းတင့်(ရေကြည်)