မော်လိုက် စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ တားဆီးနိုင်ရေးနှင့် အသက်ဆုံးရှုံးမှုအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ဦးစားပေးအုပ်စုအလိုက်ဖြင့် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းမှ စတင်၍ ဆေးထိုးစုရပ်(၃)ခုတို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပြီးသူများအား ဒုတိယအကြိမ် Sinopharm ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးလာရောက်ထိုးနှံမှု ခံယူသူများအား ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်ဆများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက စာရင်းမှတ်တမ်း ရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ စစ်ဆေးခြင်း၊ သွေးအတွင်း Oxygen တိုင်းတာ စစ်ဆေးခြင်းများနှင့် အခြားကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး စိတ်ချရသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုတို့အား ခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အဖွဲ့ဝင်များ၊မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် တတိယအသုတ် ပထမအကြိမ်ကို သြဂုတ်လ(၁၇)ရက်နေ့မှ(၂၄)နေ့ထိ ဦးစားပေးအုပ်စုအလိုက် စာရင်းကောက်ယူထားသည့် သံဃာတော်နှင့် ပြည်သူစုစုပေါင်း (၃၀၀၀)ဦးကို ထိုးနှံပေးခဲ့ရာ ဒုတိယအကြိမ်အနေဖြင့် ဆေးထိုးစုရပ်များဖြစ်သည့် မော်လိုက်မြို့တော်ခန်းမ၊ ကြာအင်းတိုက်နယ်ဆေးရုံ၊ ကင်းတပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ တောင်းအင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် သရက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့တွင် စက်တင်ဘာလ (၁၄)ရက်နေ့မှ စင်တင်ဘာလ(၂၃)ရက်နေ့အထိ ကာကွယ်ဆေးများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မော်လိုက်သားလေး


