နေပြည်တော်၊ စက်တင်ဘာလ ၁၄

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ဧရာဝတီဘဏ်ရုံးချုပ်မှ ဦးမင်းမင်းဦး၊ ကြီးကြပ်ရေးမှူး ဦးစီး၍ ယာဉ်မောင်း ဦးစောနီကိုလတ်တို့ ၂ ဦးသည် Toyota Hiace ယာဉ်အမှတ်၊ 6J-7941 ဖြင့် လည်းကောင်း၊ ရုံးအကူ ဦးဝင်းလွင်မြင့် ၊ လုံခြုံရေး ချစ်စမ်းမောင်နှင့် ယာဉ်မောင်း မျိုးကျော်သူတို့ ၃ ဦးသည် Toyota Hiace ယာဉ်အမှတ်၊ 1P-2919 ဖြင့် လည်းကောင်း ပဲခူးမြို့၊ ဧရာဝတီဘဏ်ခွဲ(၁)မှ ငွေကျပ် ၄ ဘီလီယံအား ယာဉ် ၂ စီးပေါ်သို့ ခွဲဝေတင်ဆောင်ခဲ့ပြီး ပဲခူးမြို့မှ ရန်ကုန်မြို့သို့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ပြန်လည်ထွက်ခွာခဲ့ရာ ပဲခူးမြို့နယ်၊ ဘူးလယ်အင်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၅/၅)၊ နေရာသို့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရောက်ရှိစဉ် ယာဉ်ထိန်းရဲဝတ်စုံ ဝတ်ဆင်ထားသူ ၁ ဦး၊ ရဲတပ်ဖွဲ့ ဝတ်စုံဝတ်ဆင်၍ (အမျိုးအစားစိစစ်ဆဲ) လက်နက်ငယ် ၂ လက် ကိုင်ဆောင်ထားသူ ၂ ဦးနှင့် အရပ်ဝတ် ဝတ်ဆင်ထားသူ ၄ ဦး၊ ပေါင်း ၇ ဦးတို့မှ ယာဉ် ၂ စီးအားတားဆီးကာ ဘဏ်ဝန်ထမ်း ၅ ဦး၏ ပါးစပ်၊ မျက်စိ၊ လက်တို့အား တိပ်အမဲဖြင့် ချည်နှောင်ပြီး ယာဉ်ပေါ်ပါငွေများနှင့် ဝန်ထမ်းများ၏ ဖုန်း ၃ လုံးအား တရားခံများစီးနင်းလာသည့် Hijet ယာဉ်ပေါ်သို့ ရွှေ့ပြောင်းတင်ဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်အား ဧရာဝတီဘဏ်တာဝန်ရှိသူများက နေ့လယ် ၂ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသို့ အသိပေး အကြောင်းကြားခဲ့ရာ တရားခံများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အပူတပြင်း စုံစမ်းစစ်ဆေး ခြင်း၊ သဲလွန်စရှာဖွေဖော်ထုတ်ခြင်းအား တက်ကြွစွာ အချိန်မဆိုင်းဘဲ ဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်သိရသည့်အချိန်မှ ၅ နာရီအတွင်း ဘဏ်ငွေဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် ယူနီဖောင်းများအား ပေးအပ်ခဲ့သူ ဆက်စပ်တရားခံ မြင့်မြင့်နိုင်အား ည ၇ နာရီတွင် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီတိုက်တန်းတွင် ဖမ်းဆီးရမိခဲ့သည်။

တရားခံ မြင့်မြင့်နိုင်၏ ထွက်ဆိုချက်အရ ည ၁၀ နာရီတွင် မဟာစေတီ တိုက်တန်း၊ ၁၀/(က-၃)၊ ဥမ္မာ၏ နေအိမ် တွင် မသင်္ကာဖွယ်အမျိုးသားများရောက်ရှိနေကြောင်း ဖော်ထုတ်ရရှိသဖြင့် ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ဥမ္မာနှင့် အတူ ဘဏ်ငွေလုယက်သူများဖြစ်သည့် ရန်လင်းထွေး၊ အောင်ပြည့်ခန့်နှင့် ဘုန်းခန့်ကိုတို့အား M79 ဗုံးပစ် လောင်ချာ ၁ လက်၊ ငွေကျပ်သိန်း ၇၀ဝ ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ စည်သူဖြိုးမှာ တိမ်းရှောင် လျက်ရှိကြောင်း သိရှိရသည်။

တရားခံများ၏ ထွက်ဆိုချက်အရ ည ၁၀ နာရီခွဲတွင် ဓားပြတိုက်ဖြစ်စဉ်ပါ  လက်နက်/ ခဲယမ်းနှင့် ငွေကြေးများ အား ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး ၈ ရှိ “ဓမ္မဒူတ သီလရှင်ကျောင်းတိုက်တွင် အပ်နှံထားကြောင်း သိရှိရသဖြင့် ဆက်လက်ရှာဖွေခဲ့ရာ ကျောင်းတိုက်တွင် ဒေါ်ဥပ္ပသမာနှင့် ဒေါ်ဓမ္မစာရီတို့ ၂ ဦးအား တွေ့ရှိရပြီး ၎င်းတို့ထံ အပ်နှံထားသော AK-47 သေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၄ ခု၊ ၎င်းကျည် ၂၂၀ တောင့်၊ MK-12 သေနတ် ၆ လက်၊ ၎င်းကျည်အိမ် တို/ရှည် ၁၂ ခု၊ ဆက်စပ်ပစ္စည်း ၆ စုံ၊ ငွေစက္ကူထည့်ထားသော ဆာလာအိတ် ၁၄ ထုပ်၊ ဆာလာအိတ် အပိုင်း ၂ ပိုင်း၊ ပလတ်စတစ် အနက်ရောင်အထုပ်သေး ၉ ထုပ်တို့အား ဆွမ်းစားဆောင်အတွင်းမှ သိမ်းဆည်း ရမိခဲ့သည်။

ဆက်လက်၍ တရားခံများ၏ ထွက်ဆိုချက်အရ ည ၁၁ နာရီခွဲတွင် မဇင်းရပ်ကွက်၊ ဘူတာလမ်းရှိနေအိမ်တွင် ဆက်စပ်တရားခံ ကုလားကြီးအား သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံမှာတိမ်းရှောင်လျက်ရှိပြီး ၎င်းနေအိမ်မှ ဖောက်ခွဲရေးတွင် အသုံးပြုမည့် ကီးပက်ဖုန်း ၁၀ လုံး၊ လက်လုပ်မိုင်းပြုလုပ်သော ဆက်စပ်ပစ္စည်းများနှင့် ၁၀ဝ၀ဝ တန် ငွေစက္ကူ (၁၇) အုပ်အား သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၃ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၇ ဦး၊ M-79 ဗုံးပစ် လောင်ချာ (၁)လက်  AK-47 သေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၄ ခု၊ ၎င်းကျည် ၂၂၀ တောင့်၊ MK-12 သေနတ် ၆ လက်၊ ၎င်းကျည်အိမ်မျိုးစုံ ၁၂ ခု၊ အခြား ဆက်စပ်ပစ္စည်းများနှင့် ဓားပြတိုက်ရာတွင် ယူဆောင်သွားခဲ့သော ငွေများအား သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် များက အချိန်နှင့်တစ်ပြေးညီ မဆုတ်မနစ် ကြိုးပမ်းဖော်ထုတ်ခြင်း၊ တာဝန်သိပြည်သူအချို့ကလည်း မိမိအသက် အန္တရာယ်မငဲ့ကွက်ဘဲ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ခြင်းတို့ကြောင့် ကျပ်ငွေသိန်း ၄ သောင်းခန့်အား ဓားပြတိုက် လုယက်ယူဆောင်ခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးကို ၉ နာရီအတွင်း လုယက်ခံရသည့် ဘဏ်ငွေများနှင့် အခြား ဆက်စပ်လက်နက်များကိုပါ ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ရာဇဝတ်မှုကြီးအား မဆုတ်မနစ် သော ဇွဲလုံ့လတို့ဖြင့် အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးပေးကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပဲခူးမြို့နှင့် ပတ်ဝန်းကျင်ရှိ ပြည်သူလူထုတို့က မြို့ရွာလုံခြုံရေးတို့အတွက် ယခင်ကထက် အားကိုးယုံကြည်မှု ပိုမိုတိုးတက်လာ ကြောင်းလည်း သိရှိရပါသည်။

ဓားပြတိုက်သည့် ဖြစ်စဉ်အား ပဲခူး PDF အကြမ်းဖက်အဖွဲ့ မြို့နယ်တာဝန်ခံ မျိုးကိုမှ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ဖမ်းဆီးရမိ တရားခံများမှာ PDF အကြမ်းဖက် အဖွဲ့ဝင်များဖြစ်ပြီး တရားခံ အောင်ပြည့်ခန့်မှာ ဧရာဝတီဘဏ်၊ ပဲခူးဘဏ်ခွဲမှ CDM ပြုလုပ်လျက်ရှိသော ရုံးအကူဝန်ထမ်းဖြစ်ကြောင်း သိရှိရသည်။

ယခုဘဏ်ငွေဓါးပြတိုက် လုယက်မှုဖြစ်စဉ်နှင့် NUG အကြမ်းဖက်အဖွဲ့မှ D-Day ကြေညာခြင်းအပါအဝင် အခြားသော အကြမ်းဖက်လုပ်ရပ်များ ယခုရက်ပိုင်းအတွင်း ပိုမိုလုပ်ဆောင်လာနေခြင်းသည် စက်တင်ဘာလ ၁၄ ရက်တွင် စတင် ကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂ၏ (၇၆) ကြိမ်မြောက် အထွေထွေညီလာခံနှင့် တိုက်ဆိုင်လျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာများ စသည့် အထွေထွေ တည်ငြိမ်မှုမရှိကြောင်း အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များက သတိပြုမိကြစေရန် ရည်ရွယ် လုပ်ဆောင်လျက်ရှိသည့် နိုင်ငံရေးအောက်လမ်းနည်းတစ်ခုသာဖြစ်ပါသည်။ ယခုကဲ့သို့ ဘဏ်ငွေဓားပြ တိုက် လုယက်မှုကြီးအား ၉ နာရီအတွင်း ဖော်ထုတ်နိုင်ခဲ့ခြင်းမှာ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများ၏ စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်သည့်ရလဒ်အဖြစ် ၎င်းတို့၏ ရည်ရွယ်လုပ်ဆောင်မှုများအပေါ် ချေဖျက်နိုင်ခဲ့သည့် ပြယုဂ်တစ်ခုလည်းဖြစ်စေခဲ့ပါသည်။

အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လွတ်မြောက်ဆဲ ဓားပြတရားခံများကိုလည်း အမြန်ဆုံးဖမ်းဆီးရမိရေး ကြိုးပမ်းလျက်ရှိပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက်၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။