တာချီလိတ် စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်နေကြသည့် ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များအတွက် တာလေမြို့ရှိ ရန်ကင်းဆီပန့် မိသားစုမှ ထိုင်းဘတ်ငွေ ငါးသောင်းခန့် တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စွက်အစာများကို ယနေ့နံနက်ပိုင်းက ဝမ်လုံးအသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာ၌ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် ထိုင်းဘတ်ငွေငါးသောင်းခန့် တန်ဖိုးရှိ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ ခေါင်းစွပ်များ၊ လူနာတင်စင်(၆)စင်၊ ပိုးသတ်ဆေးမှုန့်၊ ဆေးရည်များနှင့် အာဟာရဖြည့်စွက်အစာများဖြစ်သည့် ကြက်ဥ၊ ပဲနို့များစသည့် စားသောက်ဖွယ်ရာများကို တာလေမြို့ရှိ ရန်ကင်းဆီပန့်မိသားစုက ပေးအပ်လှူဒါန်းခဲ့ရာ တာချီလိတ်ခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်နှင့် အဖွဲ့တို့မှ လက်ခံရယူခဲ့ပြီး ပရဟိတလူမှုကူညီရေးအသင်းများသို့ ဆက်လက်ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
တာလေမြို့ရှိ ရန်ကင်းဆီပန့်မိသားစုမှ တာချီလိတ်မြို့ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများတွင် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ အတည်ပြုလူနာများအား အချိန်ပြည့် မေတ္တာစေတနာဖြင့် ကူညီစောင့်ရှောကျမှုပေးနေသော တာချီလိတ်မြို့ရှိ ပရဟိတလူမှုကူညီရေးအသင်း (၈)သင်းသို့ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ၎င်းအပြင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရရှိသူ မိုင်းဆတ်မြိုသို့ပြန်ကြမည့် ခရီသည်လေးဦးအား တစ်ဦးလျှင် ထိုင်းဘတ်ငွေတစ်ထောင်ကျပ်စီကိုလည်း ခရီးစရိတ်အဖြစ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိအတည်ပြုလူနာ (၂၆၂၉)ဦးရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်ခွင့်ရရှိသူ(၂၃၉၄)ဦး ရှိကာ ဆေးကုသဆဲ အတည်ပြုလူနာ (၁၄၀) ရှိ၍ သေဆုံးသူ (၉၀) ရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


