ဘိုကလေး စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ၌ ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဖြင့် အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်လျက်ရှိရာ မကြာမီ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနသည် မဟာဓာတ်အားလိုင်းရောက်ရှိသည့် နေရာမှစ၍ ၁၀ မိုင်နှင့်အထက် ဝေးကွာသော ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)အဖြစ်ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ အချိန်ပြည့်လျှစ်စစ်ဓာတ်အားရရှိရေးကို ငွေကျပ် သန်း ၇၅၀ ကျော် အကုန်အကျခံ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီကြောင်း၊ လာမည့် အောက်တိုဘာလကုန်တွင် လျှပ်စစ်ဓါတ်အား စတင်ဖြန့်ဖြူးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်၊ ဖျာပုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုးနှင့် တာဝန်ရှိသူများက ကျေးရွာမီးလင်းရေးကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက် မှာကြားပါသည်။
အဆိုပါ ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းကို ကမ္ဘာ့ဘဏ်၊ ဂျာမဏီနှင့် ပူးပေါင်းဆောင်ရွက်မှု (GIZ)တို့မှ နည်းပညာ ပံ့ပိုးပေးပြီး မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP Off-grid)ဖြင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထည့်ဝင်ငွေ ၆၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းဖြင့် ဆိုလာ ၇၁၂ ဒသမ ၈ ကီလိုဝပ်၊ ဂျင်နရေတာ ၂၄၀ ကီလိုဝပ် ထုတ်ယူသုံးစွဲနိုင်မည့် ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစားကို မန္တလေးရိုးမကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလျှပ်စစ် မီးလင်းရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အများပြည်သူပိုင်နေရာ ၁၁ ခုနှင့် အိမ်ခြေ ၁၃၀၀ တို့အတွက် အချိန်ပြည့် လျှပ်စစ်မီးရရှိနိုင်မှာဖြစ်ကြောင်း ဘိုးကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး သိရသည်။
သန်းလွင်(မကွေး)


