ဒီပဲယင်း     စက်တင်ဘာ   ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးစိုက်ဧက ၁၂၇၀၀၀ စိုက်ပျိုးရန် လျာထားခဲ့ရာ စိုက်ပျိုးပြီး ကွင်းပိတ်ချိန်တွင် ၁၂၇၀၀၃ ဧက စိုက်ပျိုးပြီး ဖြစ်၍ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ပြီး ရာနူန်းအားဖြင့် ၁၀၀ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအေးမင်းထွန်းထံမှ သိရသည်။

 

ဒီပဲယင်းမြို့နယ်အနေဖြင့် မိုးစပါးစိုက်ပျိုးရေကို သဖန်းဆိပ်ဆည်ရေသောက် ကင်းတပ် လက်ယာတူးမြောင်း RMC မှ ဧက  ၁၆၅၀၀ ကာဘိုးရေလွဲဆည် ရေဦးမြောင်းမတော် YMC မှ ၈၀၁၀၃ ဧက နှင့် မိုးကောင်းသောက် ဧက  ၃၀၄၀၀ ရေသောက်များတွင် စိုက်ပျိုးခဲ့သည့် စပါးမျိုးများမှာ ရေသွယ်ရင် ၁၉၂၅၅ဧက၊ ဧရာမင်း ၂၈၆၂၉ဧက ၊ ရွှေဘိုပေါ်ဆန်း ၇၉၁၁၉ ဧက စုစုပေါင်း ၁၂၇၀၀၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အရည်အသွေးကောင်း ဈေးကွက်ကောင်းရရှိသည့် ရွှေဘိုပေါ်ဆန်း စပါးမျိုးကို ယခင် နှစ်ထက် ၁၆၉၆၆ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင် သိရှိရသည်။

 

မိုးစပါးများ တစ်ဧကထွက်နှုန်း တိုးတက်ရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုး ပညာပေး ကွင်းဝန်ထမ်းများက ကျေးရွာများအရောက် ကွင်းဆင်ပြီး တောင်သူများနှင့် တွေ့ဆုံကာ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် ၁၄ ချက်အညီ စိုက်ပျိုးဆောင်ရွက်ရန် ပညာပေးခြင်း၊ သဘာဝ မြေဩဇာနှင့်ဓာတ်မြေ ဩဇာကို အချိုးကျ တွဲဘက် အသုံးပြုတတ်စေရန်ပညာပေးခြင်း၊ EM ဘိုကာရှီ ၊ စူပါဘိုကာရှီ သဘာဝမြေဆွေးပုံများကို လက်တွေ့ပြုလုပ်၍ အသုံးပြုစေခြင်းနှင့် သဘာဝ ပိုးသတ်ဆေးများ ပိုမိုအသုံးပြု ဆောင်ရွက်လာနိုင်စေရန် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

မြို့နယ် ( ပြန်/ဆက် )