နေပြည်တော် စက်တင်ဘာ ၁၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၆) ခုမှ ယာဉ်စီးရေ (၈) စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) (၅၀၈၇) ခု၊ Oxygen Plant (၇)ခု၊ ဆေးရုံသုံး Oxygen ဖြည့်စက် (၂) ခု၊ အိမ်သုံး Oxygen Concentrator (၉၆) ခု၊ Tesk Kit (၄၇၇)ခု၊ လက်အိပ် (၂) တန်နှင့် နှာခေါင်းစည်း (Mask) (၁၀) တန် တင်သွင်းခဲ့သည်။ Oxygen Plant (၇)ခုမှာ ဆိပ်ကမ်းမှ (၃)ခုနှင့် ချင်းရွှေဟော် နယ်စပ်စခန်းမှ (၄) ခု တင်သွင်းခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့ (၄)ခု၊ ပခုက္ကူမြို့၊ အောင်လံမြို့နှင့် မအူပင်မြို့တို့သို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေး ကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့်သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။
(သတင်းစဉ်)


