ရေတာရှည် စက်တင်ဘာ ၁၆
တောင်ငူခရိုင် ရေတာရှည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက ကြို့ပင်သာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ပြုလုပ်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ရေတာရှည်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းကြီးကျေးရွာအုပ်စုအတွင်းရှိ မတ်ကြီးခုံကျေးရွာ၊ ကြို့ပင်သာကျေးရွာနှင့် သပြေကုန်းကျေးရွာများအတွင်းရှိ အိမ်ထောင်စုလူဦးရေ စာရင်းမရှိသေးသည့် အိမ်ထောင်စု(၂၇)စု အတွက် အိမ်ထောင်စုလူဦးရေစာရင်းများနှင့် မှတ်ပုံတင်မပြုလုပ်ရသေးသည့် ၁၆နှစ်အထက် ဒေသခံပြည်သူ (၆၆) ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။
ရေတာရှည်မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရမည့် လူဦးရေ လျာထားချက်အရ (၆၃၅၈) ဦးရှိပြီး လက်ရှိတွင် လူဦးရေ (၆၂၆) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်၍ ရပ်ကွက်နှင့် ကျေးရွာများမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ရေတာရှည်မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့အထိ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေတာရှည် မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
အေးဆု


