သဲကုန်း စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တရုတ်နိုင်ငံထုတ် (Sinopharm) ပထမအကြိမ်ထိုးနှံရန် မြို့ပေါ်ရှိ မိဘပြည်သူများအား အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ ဦးဆောင်၍ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ မြို့ပေါ်ရပ်ကွက်လမ်းဆုံလမ်းခွများ၊ လမ်းသွားလမ်းလာများသော နေရာများ၊ ပြည်သူကြားသိနိုင်သောနေရာများတွင် အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ ပြည်သူများအား ပထမအကြိမ်အနေဖြင့် တရုတ်နိုင်ငံထုတ် (Sinopharm) ထိုးနှံခြင်းကို သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ဆင်မြီးဆွဲမြို့ တိုက်နယ်ဆေးရုံ၊ ပုတီးကုန်းမြို့ မြို့လည်ဓမ္မာရုံ၊ ကြို့ပင်သာ(ဝက်ပုတ်) နယ်မြေ အထကကျောင်း၊ အင်းမမြို့စိုက်ပျိုးရေး အထွက်တိုးစခန်းစသည့် ကာကွယ်ဆေးထိုးစုရပ်အသီးသီးတွင် နံနက် ၉ နာရီမှစတင်၍ နေ့စဥ်ထိုးနှံပေးလျက်ရှိကြောင်း စသည့်အချက်များအား လှည့်လည်နှိုးဆော်ပေးခဲ့သည်။

အဆိုပါ လှည့်လည်ခြင်းလုပ်ငန်းတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်အေးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများနှင့် တပ်မတော်သားများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)