တာချီလိတ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် လာအိုနိုင်ငံမှ ပြန်ဝင်လာကြသည့် နေရပ်ပြန်ပြည်သူ (၁၉၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ပိုးကင်းစင်သဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိသူများမှ မော်တော်ယာဉ်များဖြင့် ယနေ့နံနက်(၁၁)နာရီက ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူများသည် စက်တင်ဘာ (၁၁)ရက်က လာအိုနိုင်ငံမှ လွှဲပြောင်းပေးလာသည့် နေရပ်ပြန်ပြည်သူများဖြစ်ပြီး ၎င်းတို့အား တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Rapid Test Kit စနစ်ဖြင့် ပထမအကြိမ်စစ်ဆေးခဲ့ပြီး ဝမ်လုံးစင်တာတွင် အသွားအလာ ကန်သတ်စောင့်ကြည့်ထား၍ တတိယ မြောက်နေ့တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများရယူကာ တောင်ကြီးမြို့သို့ ပို့ဆောင်၍ ဒုတိယအကြိမ် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ နေရပ်ပြည်ပြည်သူ (၆၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နှစ်ကြိမ်မြောက် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ပိုးကင်းစင်သူ အမျိုးသား(၁၁၈)ဦးနှင့် အမျိုးသမီး(၇၇)ဦး စုစုပေါင်း(၁၉၅)ဦးအား ဌာနဆိုင်ရာ တာဝန်ရှိသူများက နေရပ်ပြန်ပြည်သူများကို အစားအသောက်များ ဝေငှပေးခြင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက် မော်တော်ယာဉ်များ စီစဉ်ပေးပြီး အခမဲ့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


