ကန့်ဘလူ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူများ၊ အနီးဝန်းကျင်ရှိ မြို့နယ်များနှင့် ကျေးရွာများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင်လိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အောက်ဆီဂျင်စက်သစ်ကြီးသည် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ ဆေးရုံသို့ စက်တင်ဘာ ၁၅ ရက်ညနေပိုင်းက ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့အတွက် အသုံးပြုမည့် အဆိုပါအောက်ဆီဂျင်စက်ကြီကို စစ်ကိုင်းတိုင်းဒေသကြီးအစိုး ရအဖွဲ့က ထောက်ပံ့ပေးထားကြောင်း၊ အောက်ဆီဂျင်စက်ရုံ အဆောက်အအုံ ၊ ၄၀၀ ဗို့ဓာတ်အားလိုင်း၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် လျှပ်စစ်မီးကြိုးများသွယ်တန်းခြင်းတို့အတွက် ဒေသခံအလှူရှင်များ၊ ခရိုင်နှင့်မြို့ နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာတော် သံဃာတော်များ၊ ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ဒေသတွင်းမှ စေတနာရှင် အလှူရှင်များကလည်း အလှူငွေများ ထည့်ဝင်လှူဒါန်းလျက်ရှိကြောင်း ဘဏ္ဍာငွေ ရှာဖွေရေးကော်မတီထံမှ သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်သစ်ကြီးမှာ PSA Oxygen Generator Model :NTFO -30 O2 Capacity: 30 Nm3 /h အမျိုးအစားဖြစ်ပြီး ကျပ်သိန်း ၁၄၀၀ ရှိကြောင်း၊ မကြာမီရက်ပိုင်းအတွင်း စတင်ထုတ်လုပ်လည်ပတ် နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးရွှေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးတို့နှင့်အတူ သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ ဆောင်ရွက်နေကြောင်း၊ စက်လည်ပတ်နိုင်ပါက တစ်ရက်လျှင်(၁၈နာရီ) လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ခန့်မှန်းအလုံးရေ ၉၅လုံး(လေပေါင်ချိန်အပြည့်)ခန့် ထုတ်လုပ်နိုင်မည်ဖြစ်၍ ဒေသတွင်းပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)


