တနင်္သာရီ စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် ချောင်းကြီးကျောင်းတိုက် ဦးစီးပဓာနဆရာတော် သက်တော်(၁၀၃)နှစ်၊ ဝါတော်(၈၃)ဝါရှိသည့် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တ အရှင်ပညာဒပသည် ကိုဗစ်-၁၉ ရောဂါဖြင့် မြိတ်မြို့အမှတ်(၅)၊ ခုတင်(၁၀၀)တပ်မတော် ဆေးရုံတွင် စက်တင်ဘာလ(၁၈)ရက် နံနက် ၅ နာရီ ၁၅ မိနစ်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သဖြင့် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ကရဝိတ်မော်တော်ယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ တနင်္သာရီမြို့သို့ ပြန်လည်ပင့်ဆောင်၍ တနင်္သာရီမြို့-လုံးခရမ်း သုဿန်တွင် မီးသင်္ဂြိုလ်ခဲ့ပြီး ဆရာတော်ဘုရား၏ ကြွင်းကျန်ခဲ့သည့် ဦးခေါင်းတော်နှင့်ခြေအရိုးပြာ အိုးများကိုစနစ်တကျသိမ်းဆည်း၍ ယခုအခါ ချောင်းကြီးကျောင်းတိုက်ယာယီစံကျောင်းအတွင်း ပူဇော်ခံထားရှိကြောင်း သိရှိရသည်။
အဆိုပါဆရာတော်ဘုရားကြီး၏ အရိုးပြာအိုးများအား ၁၃၈၃ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၄)ရက်၊ စက်တင်ဘာလ(၂၄)ရက် မွန်းတည့်(၁၂)နာရီကျော်လွန်အချိန်မှစ၍ ဆရာတော်ဘုရားကြီးသက်တော်ထင်ရှားရှိစဉ်က ဆရာတော်ကိုယ်တိုင် စီးနင်းကြွချီတော်မူသည့် တနင်္သာရီ ရိုးရာငွေနန်းသာရီအမည်ရှိ နဂါးလှေတော်ဖြင့် တနင်္သာရီမြစ်ရေပြင်အတွင်း ဥဒကရေချ ဈာပနအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်နိုင်ရန် ယမန်နေ့က အရပ်လူကြီးများ၊ ဂေါပကအဖွဲ့၊ တပည့်သံဃာတော်များ၊ ဥပသကာအဖွဲ့နှင့်ဆရာဘုရား၏ဆွေတော်၊ မျိုးတော်များက ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။
သို့ပါ၍ ဆရာတော်ဘုရားကြီး၏ အရိုးပြာအိုးများအား ဥဒကရေချ ဈာပနအခမ်းအနားကို အန္တရာယ်ကင်းရှင်းစွာ ပြုလုပ်နိုင်ရန်အတွက် ငွေနန်းသာရီ ရိုးရာနဂါးလှေတော်ကို စက်တင်ဘာ လ(၂၂)ရက်နေ့ နံနက်(၇)နာရီတွင် ၎င်းလှေရုံမှမြစ်ရေပြင်သို့ ရေချမင်္ဂလာ ပြုလုပ်မည်ဖြစ်ပြီး လေ့ကျင့်လှော်ခတ်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


