မုဒုံ စက်တင်ဘာ ၂၀
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မွန်ရိုးရာဓလေ့ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲကို တော်သလင်းလပြည့်နေ့တွင် နှစ်စဥ်ကျေးရွာအချို့၌ ကျင်းပလေ့ရှိရာ ယနေ့နံနက်ပိုင်းက ဘုရားစေတီများနှင့် မြို့နယ်အတွင်းရှိ မွန်ဘုန်းကြီးကျောင်းများတို့တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
မွန်လူမျိုးတို့သည် အနယ်နယ်အရပ်ရပ်ရှိ မွန်ဘုန်းတော်ကြီးကျောင်းများတွင် အလှူ ရှင်အပေါင်းတို့က လုပ်အား၊ အလှူငွေအားဖြင့် သင်္ဘောတစ်စီးကို၊ စက္ကူ၊ဝါး၊ သစ်သား စသည်တို့ဖြင့် ပြုလုပ်တည်ဆောက်ကြပြီးနောက် ယင်းသင်္ဘော၏ ကုန်းပတ်ပေါ်တွင် ဆွမ်း၊ တံခွန်၊ ကုက္ကား၊ ပန်း၊ နံ့သာ၊ သစ်သီး၊ ကွမ်း၊ ဆီမီး စသောအမျိုးအမည် တစ်ထောင်နီးပါးရှိ လှူဖွယ်ဝတ္ထု အမျိုးမျိုးတို့ကို တင်လှူကာ တော်သလင်း လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရားအား ရည်မှန်း၍ကပ်လှူပူဇော်ကြခြင်း ဖြစ်သည်။
အဆိုပါ ဆွမ်းကပ်လှူသည့် အလေ့အထကို ယနေ့တိုင် ရိုးရာမပျက် မုဒုံမြို့နယ်အတွင်း ရှိကျေးရွာများတွင် ကျင်းပလေ့ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


