ဖာပွန် စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူများ သိရှိလိုက်နာရမည့် အချက်များအား မြန်မာဘာသာနှင့် စကောကရင် ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီက ဖာပွန်မြို့ပေါ်ရပ်ကွက်များတွင် သွားရောက်၍ လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်နန်းခင်ခင်ထွန်းနှင့် ဝန်ထမ်းများက အသိပညာပေး ကြေညာချက်များ ဆောင်ရွက်ရာတွင် ဒေသအတွင်းနေထိုင်ကြသည့် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိအိမ်၌သာနေထိုင်ရန်၊ အိမ်တွင် ဧည်သည့်များ လက်ခံခြင်းလုံးဝမပြုလုပ်ရန်၊ အိမ်အပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ကို စနစ်တကျ မပျက်မကွက်တပ်ဆင်ရန်၊ အိမ်တွင် အသက် (၆၅)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ အခံရှိ သူများရှိပါက ထိုသူများအား နှာခေါင်းစည်း (Mask)ကို တပ်ဆင်ထားစေခြင်း၊ လူစုလူဝေးရှိရာ လုံးဝရှောင်ကြဉ်ရန်၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ ဈေးဝယ်ယူရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် မိမိအတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူရန်၊ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရန်၊ စျေးရောင်းသူများအနေဖြင့်လည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ နေထိုင်ကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)


