ပဲခူး စက်တင်ဘာ ၂၀
ပဲခူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှ ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ကျေးရွာလူနေမှုဘဝများ မြင့်မားလာစေရန်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စံပြကျေးရွာများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းအား စက်တင်ဘာလ(၂၀) ရက်က Video Conferencing စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ပဲခူးမြို့နယ်အတွင်းရှိ မြစိမ်းရောင်စီမံကိန်းကျေးရွာများဖြစ်သည့် လက်ပံခုန်၊ ကူတော၊ ကမ်းမြင့်၊ တမာပင်စသည့် ကျေးရွာများ၊ VDPစီမံကိန်းကျေးရွာများ ဖြစ်သည့် ကင်းချောင်း၊ ရွာသစ်ကလေး၊ ထန်းတောကြီး၊ ဝါးပြန်ကုန်းစသည့်ကျေးရွာများ၊ ရေပေးရေးကျေးရွာများဖြစ်သည့် ဆင်ရွာ၊ စသည့်ကျေးရွာ(၉)ရွာမှ တစ်ရွာလျှင်(၇)ဦးစီဖြင့် ကော်မတီဝင်(၆၃)ဦးတို့ တက်ရောက်ကြပြီး တစ်ရွာလျှင်(၁)ရက်နှုန်းဖြင့် စက်တင်ဘာလ (၂၈)ရက်အထိ ပဲခူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာနှင့် သင်တန်းနည်းပြဆရာမများက စီမံကိန်းဆိုင်ရာ အကြောင်းအရာများ၊ စီမံကိန်းဆိုင်ရာအချက်အလက်များ ကောက်ယူနိုင်ရေးလုပ်ငန်းစဉ်များကို Video Conferencing စနစ်ဖြင့် သင်ကြားပေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


