စက်တင်ဘာ ၂၀
စပိန်နိုင်ငံ ကာနရီကျွန်းများအနက် LaPalma ကျွန်းပေါ်တွင် ယမန်နေ့မွန်းလွဲပိုင်းက မီးတောင်တစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၅၀၀၀နှင့် ၁၀၀၀၀ ကြားအား ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရသည်။
ကာနရီကျွန်းများအနက် ဒုတိယအငယ်ဆုံးဖြစ်သည့် La Palma ကျွန်းတွင် အကြိမ်ပေါင်း ၂၀၀၀၀ ကျော် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်အကြာတွင် ယင်းသို့မီးတောင်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ထိုအတောအတွင်း ဒေသခံများအား နေအိမ်အတွင်းမှာပင် နေထိုင်ကြရန်၊ တံခါးပေါက်များနှင့် ပြတင်းပေါက်များ ပိတ်ထားကြရန်နှင့် မီးတောင်မှပြာများကိုဖယ်ရှားရန် ဟင်းသီးဟင်းရွက်နှင့်သစ်သီးများကို ဂရုတစိုက်ဆေးကြောကြရန် အကြံပြုပြောကြားထားသည်။
La Palmaဒေသသည် စတုရန်းကီလိုမီတာ ၇၀၀ ကျော်ရှိပြီး လူဦးရေ ၈၅၀၀၀ နီးပါးရှိသည်။
မီးတောင်ပေါက်ကွဲမှုမှတ်တမ်းများ လုပ်ဆောင်ချိန်မှစတင်ကာ မီးတောင်ပေါက်ကွဲမှုခုနစ်ကြိမ်ရှိကြောင်း မှတ်တမ်းတွင်ဖော်ပြထားသည်။
နောက်ဆုံးဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှစ်ကြိမ်သည် ၁၉၄၉ ခုနှစ်နှင့် ၁၉၇၁ ခုနှစ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၁၀ ရက်ကြာမြင့်ခဲ့သည်။
ကျွမ်းကျင်သူများက ယခုမီးတောင်ပေါက်ကွဲမှုသည် ရက်ပေါင်းများစွာကြာမြင့်မည်ဟု ခန့်မှန်းထားကြသော်လည်း သီတင်းပတ်များစွာကြာမြင့်နိုင်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို