စက်တင်ဘာ ၂၁

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန် ချမှတ်ထားသည့် ခရီးသွားလာခွင့် ပိတ်ပင်မှုများကို ဖြေလျှော့ပေးမည့် မူဝါဒအပြောင်းအလဲများကို အိမ်ဖြူတော်က ယမန်နေ့က ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြည့်အဝထိုးနှံခံယူပြီးသော နိုင်ငံခြားသားခရီးသွားများအား နိုဝင်ဘာမှစတင်ကာ နိုင်ငံအတွင်းသို့ဝင်ရောက်ခွင့် ပိတ်ပင်တော့မည်မဟုတ်ဟု ဆိုသည်။

အမေရိကန်နိုင်ငံသို့ ဝင်ရောက်လာမည့် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးသည့် ပြည်ပခရီးသွားများအနေဖြင့် နိုင်ငံအတွင်း ဆိုက်ရောက်သည့်အခါ ၁၄ ရက်ကြာ ကွာရန်တင်းနေထိုင်ရန် လိုအပ်မည်မဟုတ်ကြောင်း အိမ်ဖြူတော်ကိုဗစ်-၁၉ တုံ့ပြန်ညှိနှိုင်းရေးမှူး ဂျတ်ဖ်ဇီရတ်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။

ခရီးသွားတစ်ဦး အပြည့်အဝထိုးနှံမှုခံယူပြီးသော ကာကွယ်ဆေးသည် အသိအမှတ်ပြုထားသော ကိုဗစ်ကာကွယ်ဆေးများဖြစ်ကြောင်းကို ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာများက ဆုံးဖြတ်သွားမည်ဟု ဇီရတ်ကဆိုသည်။

ယခင်အစိုးရလက်ထက်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၃၃ နိုင်ငံမှ ခရီးသွားများ ခရီးသွားလာခွင့်ပိတ်ပင်ထားမှုကို ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖျက်သိမ်းသွားမည် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် မိသားစုနှင့်ကွဲကွာခဲ့ရသည့် နိုင်ငံခြားသားများအား နောက်ဆုံးတွင် ၎င်းတို့၏ချစ်ခင်ရသူများနှင့် ပြန်လည်ပေါင်းစည်းခွင့်ပြုသွားမည်ဟုလည်း သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို