ဗန်းမောက် စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်၌ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ချောင်းများတွင် ရေကြီးရေလျှံဖြစ်ပေါ်ကာ ယာဉ်တစ်စီးရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၇ ရက် မှစ၍ စက်တင်ဘာ ၂၁ ထိ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် တောင်ကျချောင်းများမှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ စက်တင်ဘာ၂၁ ရက် ညနေ ၃ နာရီက ပေပင်ချောင်း၌ ဆီသယ်ဘောက်ဆာ ၁၂ ဘီး ယာဉ်တစ်စီးချောင်းဖြတ်ကူးစဉ် ရေနစ်မြုပ်ခဲ့ပြီး ကုန်ပို့သွားလာနေကြသောကားကြီး ကားငယ်များမှာ ချောင်းရေအကျကို စောင့်ဆိုင်းကာ ည ၇ နာရီမှ ဖြတ်ကူးခဲ့ကြရကြောင်း သိရသည်။
ယခုနှစ်မိုးရာသီတွင် ဗန်းမောက်မြို့နယ်၌ ရေကြီးရေလျှံမှု သုံးကြိမ်ဖြစ်ပေါ်ခဲ့ရာ လူများသေဆုံးခဲ့ပြီး အိမ်ရှိပစ္စည်များ ကျွဲ၊ နွား တိရိစ္ဆာန်များရေထဲ မျောပါကာ စိုက်ပျိုးထားသော စပါးခင်းနှင့် အခြားသီးနှံပင်များ ရေနစ်မြုပ်ခံရပြီးပျက်စီးဆုံးရှုံးမှုများ များစွာရှိခဲ့ကြောင်း သိရသည်။
လှိုင်ဘွား(ဗန်းမောက်)