မြဝတီ စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီက မြို့ပေါ်ရပ်ကွက်များနှင့်လမ်းဆုံလမ်းခွများတွင် အသိပညာပေး နှိုးဆော်ခဲ့သည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် မိမိတို့နေအိမ်(သို့မဟုတ်) အဆောင်များတွင်သာနေထိုင်ရန်၊ မရှိမဖြစ်အခြေခံလိုအပ်ချက်များဖြစ်သည့် အခြေခံစားသောက်ကုန်များ၊ ဆေးနှင့် ဆေးပစ္စည်းများသာ စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေးရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက် သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့်အချက်များ ပါဝင်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုကို မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ်အသိပညာပေး လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)