ထန်တလန်   စက်တင်ဘာ   ၂၂

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၃၅ ဒသမ ၄၁၅ သန်း အသုံးပြုကာ ကျေးလက်ရေရရှိရေးလုပ်ငန်း ရှစ်ခုနှင့် ကုန်ထုတ်လမ်း တံတားလုပ်ငန်း ခြောက်ခုကို ယခုနှစ် ဇန်နဝါရီလ ပထမပတ်ကစတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါလုပ်ငန်းများ အားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ဟားခါးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုဖြင့် ထန်တလန်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လာအို၊ သီခွန်သွမ်း၊ ဘုန်တလန်(ခ)၊ အာရ်ကျိ၊ လှမ်ဖေ၊ လုံကျွဲပီး၊ တလန်ရွာ(က)၊ ရွာခွါကျေးရွာစသည့် ကျေးရွာရှစ်ရွာ၌ ကျေးလက် ရေရရှိရေး လုပ်ငန်းရှစ်ခုနှင့် တလွန်ရမ်၊ အိုင်ဘူး၊ တလန်ပီး၊ ခွါပီးလို၊ ထန်တလန်အနောက်ခြမ်း၊ တလန်ခွါးကျေးရွာခြောက်ရွာတို့တွင် ကျေးလက် ကုန်ထုတ်လမ်းတံတားဖောက်လုပ်ခြင်း လုပ်ငန်းခြောက်ခုတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စု၊ (မွမ်းမံ) ခွင့်ပြုရန်ပုံငွေကျပ် ၃၅၈ ဒသမ ၄၆ သန်း၊ ချင်းပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ် ၇၆ ဒသမ ၉၅၅ သန်း စုစုပေါင်းငွေကျပ် ၄၃၅ ဒသမ ၄၁၅ သန်း ဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဟားခါးခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းက ပြောသည်။

ထန်တလန်မြို့နယ်အတွင်းယခုဘဏ္ဍာရေးနှစ်တွင်ကျေးရွာရှစ်ရွာ၌ ကျေးလက်ရေရရှိရေး လုပ်ငန်းရှစ်ခု ဆောင်ရွက်နိုင်ပေးနိုင်ခဲ့ခြင်းကြောင့် အဆိုပါကျေးရွာများရှိ အိမ်ခြေ(၆၁၉)အိမ်၊ လူဦးရေ (၂၇၁၄)ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ သောက်သုံးရဖူလုံရေးအတွက် အကျိုးပြုလျက်ရှိပါ ကြောင်း၊ ကျေးရွာခြောက်ရွာ၌ ကျေးကုန်ထုတ်လမ်းတံတားလုပ်ငန်းများကိုဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် အဆိုကျေးရွာများရှိအိမ်ခြေ (၁၃၉၁)အိမ်၊ လူဦးရေ(၇၄၅၄)ဦးတို့၏ လယ်ယာထုတ်ကုန်ဧက ၁၃၉၉ ကျော်အကျိုးပြုလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

စိုးမိုးကျော်