ဝန်းသို စက်တင်ဘာ ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေတိုးပွားလာစေရန်၊ ကျေးလက်နေပြည်သူများစွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ၊ အဆင့်မြှင့် စက်ချုပ်သင်တန်းများကို ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဦးစီးမှူးထံမှ သိရသည်။
"ကျွန်တော်တို့မြို့နယ်အတွင်း စီမံကိန်းလုပ်ငန်းများဆောင်ရွက်တဲ့ကျေးရွာတွေက ကျေးရွာပြည်သူများ အနေနဲ့ သင်တန်းများဖွင့်လှစ်ပေးဖို့ တောင်းဆိုထားတာတွေရယ်၊ ယခင်နှစ်တွေက အသက်မွေးဝမ်းကျောင်း သင်တန်းတက်ရောက်ခဲ့ကြတဲ့ သင်တန်းသား၊ သင်တန်းသူတွေရဲ့အကြံပြုချက်တွေရယ် အဓိကထားပြီးတော့ အကောင်အထည်ဖော် ပေးတာဖြစ်ပါတယ်၊ နောက်ပြီး ကျွန်တော်တို့ဒေသမှာက လယ်ယာလုပ်၊ ကောက်စိုက်၊ ပျိုးနုတ်၊ စပါးရိတ်သိမ်းချိန်ပြီးရင် အလုပ်အကိုင်မရှိကြတော့ဘူး၊ အဲဒီတော့ အသက်မွေးဝမ်းကျောင်း ဘာသာရပ် တွေကိုသင်ပေးပြီး မိသားစု တစ်ပိုင်တစ်နိုင် ဝင်ငွေရလုပ်ငန်းများ လုပ်ကိုင်နိုင်အောင် ယခုလို သင်တန်းများ ဖွင့်လှစ် ပေးရခြင်းဖြစ်ပါတယ် "ဟု မြို့နယ်ကျေးလက်ဦးစီးမှုး ဦးမြတ်မျိုးထွန်းက ပြောသည်။
ဝန်းသိုမြို့နယ်တွင် ယခုလာမည့် ကြားကာလ (၆)လဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ လူမှု စီးပွားဘဝမြှင့်မားလာစေရေး အသက်မွေးဝမ်းကျောင်းသင်တန်းအဖြစ် အခြေခံစက်ချုပ်သင်တန်း တစ်ခု၊ အဆင့်မြှင့်စက်ချုပ်သင်တန်း နှစ်ခုတို့ကို ဖွင့်လှစ်ပေးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဘတ်ဂျက်ရေးဆွဲတင်ပြထားရှိကြောင်း သိရသည်။
ကျော်မြိုင်


