ပခုက္ကူ  စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာ အုပ်စုအတွင်း ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် အိမ်ခြေ (၂၅) လုံးမှာ စက်တင်ဘာ ၂၂ရက်  ညနေ ၃ နာရီက ယာယီရွှေ့ပြောင်းထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ရေတိုက်စားကာ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကျွန်းညိုရွာသစ်ကျေးရွာရှိ လူနေအိမ်ခြေ(၂၂)လုံးနှင့် လူဦးရေ(၉၀)ဦး၊ ကျပ်တန်းကုန်းကျေးရွာရှိ လူနေအိမ်ခြေ(၃)လုံးနှင့် လူဦးရေ(၁၃)ဦး စုစုပေါင်းလူနေအိမ်ခြေ(၂၅)လုံးနှင့် လူဦးရေ(၁၀၃)ဦးမှာ ရေလွတ်ရာနေရာများသို့ ခေတ္တယာယီရွှေ့ပြောင်း ထားပြီး  နီးစပ်ရာ ဆွေမျိုးနေအိမ်တွင်သာ မှီခိုနေထိုင်ကြရကြောင်း၊ ကျေးရွာတွင်အိမ်ခြေ(၁၈၀)အိမ်၊ အိမ်ထောင်စု (၁၉၂) စု နှင့်လူဦးရေ(၈၀၀) ရှိကြောင်းသိရသည်။  
     
အဆိုပါမြစ်ရေတိုက်စားမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိ ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ယာယီရွှေ့ပြောင်းရသည့် လူနေအိမ်များနှင့်မိသားစုဝင်များ အတွက် အမြန်ဆုံးကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)