ကျေးသီး စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မြို့မစည်ပင်သာယာဈေး၌ ရပ်ကွက်/ကျေးရွာများမှ လာရောက်ဈေးရောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကူးစက်မှု မရှိစေရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းတွင် ကျန်ရှိမှုမရှိစေရန် ယနေ့နံနက် ၈နာရီခန့်က မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးအတွင်း ပျံကျရောင်းချနေသော ရပ်ကွက်/ ကျေးရွာများမှ ကုန်စိမ်းသည်များ၊ ဟင်းသီးဟင်းရွက်၊ အသားငါးနှင့် အခြေခံစားသောက်ကုန် အစရှိသည်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးနိုင်ရန်နှင့် ကူးစက်မှုမရှိစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ညွှန်ကြားချက်အတိုင်း ကာကွယ်ဆေးထိုးနှံရာတွင် ကျန်ရှိမှုမရှိစေရန်နှင့် ကာကွယ်ဆေးကို ကျေးသီးမြို့နယ် ခန်းမ၌ နံနက်(၉)နာရီမှညနေ(၄)နာရီအတွင်း ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
နန်းမွမ်းဆိုင်(ကျေးသီး)