ထားဝယ် စက်တင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၁) ကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ဦး က ကော်မတီဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များနှင့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကို စိစစ်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းတင်ပြသည်၊၊
ဆက်လက်၍ Dawei Golden Land Co;Ltd က ထားဝယ်မြို့နယ်၊ သဗျာကျေးရွာအုပ်စုတွင် မှိုင်းခံရာဘာအဆင့် RSS ၁၊၂၊၃ ထုတ်ကုန်များ ပြည်တွင်း၊ ပြည်ပထုတ်လုပ်မှု ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအပေါ် ရင်းနှီးမြှပ်နှံမှုနှင့် ပတ်သက်၍လည်းကောင်း၊ Dawei Development Public Co; Ltd က လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်-၁၆၉- A တွင် မောင်းမကန် Resort ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းအပေါ် တည်ဆောက်ရေးကာလနှင့် ပတ်သက်၍လည်းကောင်း၊ San Lan Ventures Co;Ltd က လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ၊ ကြေးတိုင်ပြင်ကွင်း၊ ကွင်းအမှတ်(၁၇/ OSS) ဦးပိုင်အမှတ် (N-၁၇) ရှု့ခင်းကြည့် ခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းအပေါ် ရင်းနှီးမြှပ်နှံမှုနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)