ပေါင် စက်တင်ဘာ ၂၄
ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်(ပေါင်မြို့နယ်ဘဏ်ခွဲ) အနေဖြင့် ပေါင်မြို့နယ်အတွင်းရှိ တောင်သူများအား ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ပြန်ဆပ်ပြီးသည့်တောင်သူများကို ယခုနှစ်အတွက် မိုးစပါးချေးငွေများအား အလှည့်ကျ ပြန်လည်ထုတ်ချေးပေးနေခြင်း ဖြစ်သည်။
ပေါင်မြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်းရှစ်သောင်းကျော်ကို ထုတ် ချေးပေးသွားရန် လျာထားပြီး လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် လယ်(၁၀)ဧကအထိ အများဆုံးထုတ်ချေးပေးသွားမည်ဖြစ်ပြီး အတိုးနှုန်းမှာ ၅ ရာခိုင်နှုန်းသတ်မှတ်ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် မိုးစပါးစိုက်လယ်ဧက (၁၂၈၀၀၀) ဧကခန့်ရှိသည့်အနက် နှစ်စဉ်လယ်ဧက (၇ဝ၀၀၀)ခန့်ကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် (ပေါင်မြို့နယ်ဘဏ်ခွဲ)၏စာရင်းများအရ သိရသည်။
မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ပြန်ဆပ်ရမည့် အချိန်ကို ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က နောက်ဆုံးထားသတ်မှတ်ခဲ့သော်လည်း တောင်သူများ ငွေကြေးအခက်အခဲမရှိစေရေးအတွက် ချေးငွေပြန်ဆပ်ရမည့်ရက်ကို ဇူလိုင်လ ၃၁ ရက်နေ့အထိ ပြန်လည် သတ်မှတ်ပေးထားကြောင်း သိရသည်။
ဝဏ္ဏမောင်(ပြန်/ဆက်)