နမ္မတူ စက်တင်ဘာ ၂၄
နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ နမ္မတူမြို့နယ် မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် မေတ္တာရှင် လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ရည်ရွယ်၍ နမ္မတူမြို့နယ် မြို့မဈေးအတွင်းနှင့် အပြင်ရှိ ဈေးရောင်းသူ/ဝယ်သူ ဒေသခံပြည်သူများအား တစ်ဦးလျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၂ ခုနှုန်းဖြင့် စုစုပေါင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ခုရေ ၅၀၀ အား အခမဲ့ဖြန့်ဝေကာ နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်စေရေး၊ ရေမလိုလက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ လူစုလူဝေး ရှောင်ရှားစေခြင်း၊ စသည့်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့နံနက်ပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၅၆၉ဦးရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၄၂၅ဦးရှိကာ၊ ၁၆ဦး သေဆုံးခဲ့ပြီး၊ ဆေးကုသဆဲပိုးတွေ့လူနာ ၁၂၈ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)