မုံရွာ စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ လမ်းညွှန်မှုနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၏ ညွှန်ကြားချက်အရ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းလှိုင်ဦး၏ ဦးဆောင်စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ နှစ်စဉ် အရှိန်အဟုန်မပျက် တိုးတက်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အရာတော်မြို့နယ်အတွင်းမှ တောင်သူများအတွက် စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အရာတော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင် က အဖွင်းအမှာစကားပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်စန်းစန်းမော်က စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ရသည့် အကြောင်းအရင်းအားရှင်းလင်းပြောကြားကာ တက်ရောက်လာသည့် အရာတော်မြို့နယ် သလဲဘာကျေးရွာအုပ်စု တောင်သူပေါင်း ၃၀ဦး၏ ဧက ၃၀ တစ်ကွင်းတစ်ဆက်တည်း စံပြကွက်အတွက် မိုးစပါး တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး စိုက်ပျိုးရေးသွင်းအားစု ဓါတ်မြေသြဇာများပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများက အကျိုးပြု ဇီဝအားဆေးဖျော်ရည်(EM) Effective Microorganism ကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲတတ်ရန်အတွက် (EM)ဖျော်ရည်ပြုလုပ်ပုံ အဆင့်ဆင့်ကို လက်တွေ့ပြသပြုလုပ်ခဲ့ကြသည်။
အရာတော်မြို့နယ်တွင် မိုးစပါးတစ်ဧက တင်း(၁၀၀)၊ နွေစပါး တင်း(၁၂၀) ထွက်ရှိရေးနှင့် မိုးနှောင်းဝါ တိုးချဲ့စိုက်ပျိုးနိုင်ရေးအားလည်း ယခင်နှစ်ထက် နှစ်ဆပိုမိုထွက်ရှိရေးတို့အား ဝါမျိုးကောင်းမျိုးသန့်များ ပြန့်ပွားစေရန် ဖြန့်ဝေပေးထားပြီး စိုက်စနစ်နှင့် နည်းပညာများအား အားသွန်ခွန်စိုက် နည်းပညာပေးလုပ်ငန်းများ စဥ်ဆက်မပျက် ဆောင်ရွက်ပေးကာ နိုင်ငံတော်မှ စိုက်ပျိုးထုတ်လုပ်နိုင်ရန် စေတနာဖြင့် ထောက်ပံ့ပေးအပ်သော စိုက်ပျိုးရေးသွင်းအားစုများကို အချိန်နှင့်တစ်ပြေးညီ တောင်သူများထံသို့ ပေးအပ်ထောက်ပံလျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်စန်းစန်းမော်ထံမှ သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)