ရန်ကုန် စက်တင်ဘာ ၂၄    

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ( မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ နာနတ်တောစည်ပင်သာယာရဲတပ်ဖွဲ့လိုင်းခန်း၌ ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ကြီးကြပ်မှုဖြင့် မြို့ပြ ပတ်ဝန်းထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနလိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ငါး/ပုဇွန်အမျိုးမျိုးတို့အား ရောင်းချပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC)ကိုဗစ်-၁၉ ကုသရေးစင်တာသို့ သွားရောက်၍ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများ Liquid Oxygen ဖြည့်တင်း ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၈ နာရီခွဲတွင် ခရိုင်နှင့်မြို့နယ် စည်ပင်သာယာ ဝန်ထမ်းအင်အား(၁၀၀)ဖြင့် ကမာရွတ်မြို့နယ် (၂)ရပ်ကွက်နှင့် လှိုင်မြို့နယ် (၁၀)ရပ်ကွက်ကြား ပြည်လမ်းမပေါ်ရှိ လမ်းဘေးဝဲ/ယာ ရေမြောင်းများနှင့် မြကန်သာ (၂)လမ်း ကမာရွတ်ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရန် ချောင်း/ မြောင်းများအတွင်း သဲမြေများ၊ အမှိုက်များနှင့် မြောင်းချေးများ ဆယ်ယူ ရှင်းလင်းနေမှု၊ ကမာရွတ်ချောင်းသို့ စီးဝင်သည့် ရေမြောင်းများ ရှင်းလင်းနေမှု၊ မြောင်းပေါင် တစ်လျှောက် မြက်ခြုံနွယ်များ ရှင်းလင်းနေမှု၊ လမ်းဝဲ/ယာ အုပ်မိုးကိုင်းများ ခုတ်ထွင် ရှင်းလင်းပုံသွင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်