သံဖြူဇရပ် စက်တင်ဘာ ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် Stay at Home သတ်မှတ်ထားသည့် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို မြန်မာ၊ မွန် နှစ်ဘာသာဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ လူစည်ကားရာ လမ်းဆုံ၊ လမ်းဂွနေရာများတွင် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် မြန်မာ၊ မွန် နှစ်ဘာသာဖြင့် ယနေ့ နံနက် ၈ နာရီမှစ၍ မီးသတ်ရေယာဉ်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူများထံ ပန်ကြားချက်ပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အားလုံးကိုယ်စီ မဖြစ်မနေ လိုက်နာဆောင်ရွက်ကြရန်၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာအကာ (Face Shield) ကို တွဲဖက်တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါဝေဒနာရှင်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်း ဂရုပြုရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားလာခြင်းမှရှောင်ရှားကြရန်၊ လက်ကို ဆပ်ပြာနှင့် စက္ကန့် (၂၀) ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော ဈေးရောင်းချသူများထံမှ ဈေးမဝယ်ကြရန်၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များမှ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန် စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာများကို လိုက်နာဆောင်ရွက်ကြရန်နှင့် ပျက်ကွက်ပါက ထိရောက်စွာ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူများထံ အသိပေး/သတိပေး လှုံ့ဆော်တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)