mdn

မင်းဘူး        စက်တင်ဘာ        ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ပွဲရုံများသို့ တစ်နေ့လျှင် ငရုတ်သီးစိမ်း ပိဿာချိန် ၇၀၀၀ ကျော် ဝင်ရောက် ရောင်းဝယ်လျက်ရှိပြီး ငရုတ်သီးစိမ်း ဈေးများလည်း ပြန်လည်ကျဆင်းလျက်ရှိကြောင်း မင်းဘူးမြို့ အမှတ်(၄) ရပ်ကွက် ပွဲရုံပိုင်ရှင် ဒေါ်လဲ့ထံမှ သိရသည်။

ပွဲရုံပိုင်ရှင် ဒေါ်လဲ့က “ကျွန်မတို့ ပွဲရုံမှာ ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ ပန်းသီး၊ လိမ္မော်သီးနှင့် နဂါးမောက်သီးများကို နယ်ပယ်မျိုးစုံမှ လာရောက် ရောင်းဝယ် ဖောက်ကားလျက် ရှိပါတယ်။ ငရုတ်သီးစိမ်းကတော့ ကျွန်မ ပွဲရုံတစ်ခုတည်းတင် ပိဿာချိန် ၄၀၀၀ ကျော် ဝင်ရောက်လျက်ရှိပြီး  ကျန်ပွဲရုံများနဲ့ဆို ပိဿာချိန် ၇၀၀၀ ကျော်လောက် ဝင်ရောက်ကာ ဈေးလည်း ၂၅၀၀/၃၀၀၀ မှ ၁၀၀၀ အထိ ပြန်ကျနေပါတယ်’’ဟု ပြောပြသည်။

ငရုတ်သီးစိမ်းကို မင်းဘူးမြို့ အနေနဲ့ လီမွန်၊ ၆၉၂၊ ဒုံးကျည် ဟူ၍ သုံးမျိုးရှိပြီး ပျဉ်းမနား၊ ရမည်းသင်း၊ ပျော်ဘွယ် မြို့များနှင့် ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာများမှ တောင်သူများကိုယ်တိုင် လာရောက်ရောင်းချ လျက်ရှိကာ တစ်ပိဿာလျှင် လက်ကားဈေး ၇၀၀/၈၀၀ ကျပ်ဈေးသာ ရှိကြောင်းသိရသည်။

ငရုတ်သီးစိမ်းများကို ပွဲရုံများမှ ပြန်လည်ရောင်းချပါက လက်လီဈေး တစ်ပိဿာလျှင် ၁၀၀၀ ကျပ်နဲ့ လက်ကားဈေး ၈၀၀ ကျပ်သာ ရောင်းချရပြီး၊ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ် စသော မြို့များသို့ အများဆုံး တင်ပို့ရောင်းချရကာ အနီးအနားရှိ မြို့များနှင့် ကျေးရွာများသို့ ပြန်လည် ရောင်းချရကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)