ညောင်ဦး စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးပြိုကျခဲ့သည့် ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းများနှင့် လူနေအိမ်များပေါ်သို့ သစ်ပင်လဲကျခြင်းများအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံမှ သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေသားအစိုဓာတ် လွန်ကဲကာ မြေသားခိုင်မာမှုမရှိဘဲ သစ်ပင်ကြီးများ လဲကျခြင်းကြောင့် လူနေအိမ်များပေါ် လဲကျကာ ပျက်စီးမှုများနှင့် ချောင်းရေလျှံကာ ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းပြိုကျခြင်းနှင့် နံရံပြိုကျခြင်းများအတွက် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း၊ သဘာဝဘေးန္တရာယ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ဘုန်းတော်ကြီး ကျောင်းနှင့် လူနေအိမ်များသို့လည်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနကလည်း ချက်ခြင်းသွားရောက်ပြီး ထောက်ပံ့မှုပေးပြီးဖြစ်ကြောင်း၊ အိမ်ပျက်စီးမှု အနည်းအများပေါ်မူတည်ကာ ထောက်ပံ့မှုပေးအပ်ကြောင်း၊ အိမ်ရှိ လူဦးရေတွက်ချက်ပြီး ဆန်ရိက္ခာ ခုနစ်ရက်စာ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ပုဂံမြို့ဟောင်း၊ မြင်းကပါကျေးရွာ သစ်ပင်လဲကျမှုကြောင့် ပျက်စီးခဲ့သည့် အိမ်ရှင် ဒေါ်သန်းသန်းအေးနှင့် ဦးသက်နိုင်အောင်တို့နှစ်ဦးအား ငွေကျပ် တစ်သိန်းစီကိုလည်းကောင်း၊ ဂင်္ဂါကျေးရွာ တလုပ်မန်ကျည်းပင်လဲကျမှုကြောင့် ပျက်စီးခဲ့သည့် အိမ်ရှင် ဦးဖိုးရွှေအား ငွေကျပ် တစ်သိန်း၊ ကြအိုကျေးရွာ မင်းကျောင်းဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းနှင့် တောင်ကျောင်းဘုန်းကြီးကျောင်းတို့ ပြိုကျခဲ့သည့်အတွက် ငွေကျပ်နှစ်သိန်းစီအား လည်းကောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် ညောင်ဦး မြို့မရဲစခန်း ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလွင်တို့က စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက သွားရောက်လှူဒါန်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)